ALD နှင့် RNDP ကိုယ်စားလှယ်များ ပေါင်းစည်းရေး စစ်တွေတွင် တွေ့ဆုံ

ALD နှင့် RNDP ကိုယ်စားလှယ်များ ပေါင်းစည်းရေး စစ်တွေတွင် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ နှစ်ဘက် ကိုယ်စားလှယ် များသည် အသစ် ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသား ပါတီ  Arakan National Party ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး စစ်တွေတွင် ယမန်နေ့က  တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီက စစ်တွေရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုရုံးတွင် ကျင်းပ ပြုလုပ်ရာ ပါတီ တစ်ခုမှ ကိုယ်စားလှယ် (၅) ဦးကျစီ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ALD-RNDP

ဆွေးနွေးပွဲသို့ ALD မှ ဦးကျော်မြင့် ဦးဆောင်သော ၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် ဦးထွန်းညို၊ ဦးဘကျော်၊ ဦးလှမြင့် တို့ ပါ၀င်သည်။

RNDP ဘက်မှ ဦးခိုင်ပြည်စိုး ဦးဆောင်သော ၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် ဒေါ်အေးနုစိန်၊ ဦးစံကျော်လှနှင့် ဦးခင်မောင်ကြီးတို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပါတီဖွဲ့စည်းပုံ မူကြမ်းနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ALD အဖွဲ့ ခေါင်းဆောင် ဦးကျော်မြင့်က ပြောသည်။

“ ALD နဲ့  RNDP ပါတီ နှစ်ပါတီ တပါတီ ပေါင်းစည်းရေး ကိစ္စ မှတ်ပုံတင်ရေး အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဒီလ သြဂတ်စ်လ ၃၁ ရက်နေ့ နောက်ဆုံး အပီး လုပ်ဆောင်မှာ ဖြစ်တာကြောင့်  ကျနော်တို့ ပါတီက ကိုယ်စားလှယ်တွေ RNDP ပါတီရှိတဲ့ စစ်တွေကို လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီနေ့ လာဆွေးနွေးတာက နှစ်ပါတီ ပေါင်းစည်းလိုက်တဲ့  Arakan National Party ပါတီ အတွက် ဖွဲ့စည်းပုံကို လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အသစ် ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသား ပါတီတွင် တာဝန် ထမ်းဆောင်မည့် ကိုယ်စားလှယ် ၁၅ ဦး စာရင်းအား ဆွေးနွေးပွဲတွင် RNDP ပါတီ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့သည်ဟု သိရသည်။

ပေါင်းစည်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး RNDP ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးမှလည်း အားရ ကျေနပ်မူရှိကြောင်း ပြောကြားသည်။

“ တက်ရောက်လာတဲ့ နှစ်ဘက် ကိုယ်စားလှယ်တွေက အမျိုးသား ပါတီ တစ်ခု ပေါ်ပေါက်ရေး အတွက် အားတက်သရော အပြုသဘောဆွေးနွေးကြတာကြောင့် အခု ပြုလုပ်တဲ့ ပေါင်းစည်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အားရ ကျေနပ်မူ ရှိပါတယ်” ဟု ဆိုသည်။

အပြီးသတ် ပေါင်းစည်ရေးမှာ လာမည့် စက်တင်္ဘာလ တတိယပတ် အတွင်း အပြီး သတ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။

ဖွဲ့့စည်းပုံနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးခဲ့ပြီး ALD က တင်ပြသော ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ပြန်လှန်သုံးသပ်ကာ နောက်လာမည့် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးကြ မည်ဟု သိရသည်။

Most read this week