ဘားအံတွင် ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ဆယ်ခု ဖွင့်လှစ်ထားရ

ဘားအံတွင် ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ဆယ်ခု ဖွင့်လှစ်ထားရ
by -
မဇ္ဈိမ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ရေကြီးမှုကြောင့် သြဂုတ် ၂၂ ရက်တွင် ကယ်ဆယ်ရေးစခန်း ဆယ်ခု ဖွင့်လှစ်ပေး ထားရကြောင်း ယင်းမြို့ရှိ ရွှေရင်ကျော်ဘုရား၊ ကယ်ဆယ်ရေးစခန်းတွင်း တာဝန်ကျ ဒုရဲအုပ် အောင်ပိုင်က မဇိ်္စျမသို့ ပြောသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်သူများ များပြားနေသည်ဟုလည်း သိရပြီး ဒုရဲအုပ် အောင်ပိုင်က “ဒီစခန်းက ၂၁ ရက်ကမှ စပြီးဖွင့်ပေးလိုက်တာ။ ၂၁ ရက်ကမှ ရေကျော်မှု ထပ်ပြီးဖြစ်လို့ ပါ။ လောလောဆယ်တော့ ဒီကသူတွေကို ဆန်တွေ လာဝေတာတွေရှိတယ်။ ကျွန်တော်တို့တွေ ဆန်ကိုတော့ အဓိကရိက္ခာအဖြစ်ထားပြီး ဝေပေးနေတယ်”ဟု ဆိုသည်။

ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဒေါ်မြမြနှင်းက “ဆန်တော့ရတယ်။ တချို့ဆွေမျိုး နီးစပ်ရှိတဲ့ သူတွေကတော့ ထမင်းချိုင့်လာပို့တော့ အဆင်ပြေတာပေါ့။ မိုးကလည်း မပြတ်ဘူး၊ ခဏနေ ရွာလိုက် တိတ်လိုက် ပြန်ရွာလိုက် ဖြစ်နေတယ်။ လူကလည်း တစ်နေရာမှာ အများကြီး ကျပ်နေတော့ ကျောတစ်ခင်း စာတောင် ကောင်းကောင်းမရဘူး။ ကလေးတွေရော၊ လူကြီးတွေရော၊ မိုးစိုလိုက်နဲ့ ဒီလိုပဲ လောလောဆယ်တော့နေနေရတယ်”ဟု ပြောသည်။

အစ္စလာမ်ဘာသာရေး ကျောင်းတစ်ကျောင်းတွင်လည်း အိမ်ခြေပေါင်း ရ၄ အိမ်ရှိ လူဦးရေ ၂၁၆ ဦးခန့် နေထိုင် သည်ဟု ဘားအံမြို့ ကယ်ဆယ်ရေးစခန်းများ၏ မှတ်တမ်းများအရ သိရသည်။

ကယ်ဆယ်ရေးစခန်းတစ်ခုရှိ တစ်လသားအရွယ်ရှိ ကလေးမိခင်တစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးမြက “ရေကြီးပြီး နောက်ပိုင်းမှာ မွေးတာပဲ၊ တော်တော်လေးတော့ ဒုက္ခရောက်လိုက်တယ်။ ဒါပေမဲ့ ကလေးကိုပဲ ဘာမှ မဖြစ်အောင် ဂရုစိုက်နေရတယ်။ အခု ဒီစခန်းမှာ လူကများတယ်၊ မိုးတွေက တရွဲရွဲနဲ့ဆိုတော့ ကျန်းမာ ရေးအတွက် ဘယ်လိုမှ အဆင်မပြေဘူး”ဟု ပြောပြသည်။

ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် အိမ်ထောင်စု ၁၂၃၆ စု ခိုလှုံနေပြီး လူဦးရေ ၆၄၄၆ ဦး ရှိသည်ဟု ဘားအံမြို့ ကယ်ဆယ်စခန်းများမှ စာရင်းများအရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်၂၂ ရက် နေ့လည်တစ်နာရီအချိန် ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် သြဂုတ် ၂၀ ရက် နေ့လည် တစ်နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် သို့
ရောက်ရှိခဲ့ပြီး သြဂုတ် ၂၂ ရက် နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် လေးပေခန့် ကျော်လွန်နေသည်။ အဆိုပါ မြစ်ရေသည် သြဂုတ် ၂၂ ရက် မွန်းတည့်ချိန်မှ နောက် ၄၈ နာရီ အတွင်း တစ်ပေခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။

Most read this week