မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါ၀င်မည့်သူများကို သင်တန်းပေးမည်

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါ၀င်မည့်သူများကို သင်တန်းပေးမည်
by -
မဇ္ဈိမ

ရန်ကုန်တိုင်းအတွင်းရှိ မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရာတွင် ပါ၀င်မည့်သူများကို သြဂုတ်လအတွင်း နှစ်ရက် သင်တန်း ပေးမည်ဖြစ်သည်ဟု မွန်လူမျိုး လူဦးရေစာရင်းကောက် ယူရေး စီမံချက်စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးမင်းစိုးအောင်က သြဂုတ် ၂၁ ရက်တွင် မဇ္စျိမကို ပြောသည်။

စီမံချက်ကို လာမည့်စက်တင်ဘာလလယ်ခန့်တွင် စတင်မည်ဖြစ်ရာ ခန့်ထားသည့်ဝန်ထမ်းများနှင့် စေတနာ့ ၀န်ထမ်းများကို စာရင်းကောက်ယူရာတွင် အထောက်အကူပြုနိုင်ရန်အတွက် လူဦးရေစာရင်းကောက်ယူမှု အထောက်အကူပြုသင်တန်းအား ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။

ယင်းသင်တန်းကို သြဂုတ်၂၄ ရက်နှင့် ၂၅ ရက်များတွင် ကျွမ်းကျင်သည့် ဆရာမတစ်ဦးက သင်ကြားပေး မည် ဖြစ်သည်။

မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်များတွင် စေတနာ့ဝန်ထမ်းများ ထားရှိကာ ခန့်အပ်ထားသည့် ၀န်ထမ်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးမင်းစိုးအောင်က “လိုအပ်တဲ့ ၀န်ထမ်းတွေ ခန့်အပ်ထားပါတယ်။ လူဦးရေစာရင်း ကောက်ယူရာမှာ ကုတ်နံပါတ် တွေနဲ့ ကောက်ယူမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ သင်တန်းတွေပေးဖို့ လိုအပ်တဲ့အတွက် သင်တန်းပေးသွားမှာပါ။ သင်တန်းကို ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေအပါအဝင် လူဦးရေ ၂၀ လောက် တက်ရောက်ဖြစ်မှာပါ” ဟု ပြောသည်။

မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူခြင်းကို လာမည့် စက်တင်ဘာလ ဒုတိယပတ်တွင် စတင် ကောက် ယူမည်ဖြစ်ပြီး အလုံမြို့နယ်မှ စတင် စာရင်းကောက်ယူမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်က မွန်လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အရ စမ်းသပ် ကောက်ယူ သော စာရင်းတွင် မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန် တွေ့ရှိရသည်ဟုလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များတွင် မွန်လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်လူမျိုး လွှတ်တော်အမတ် ပေါ်ထွက်လာစေရန် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွန်လူဦးရေသည် တစ်နိုင်ငံလုံးလူဦးရေ၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းထက် ကျော်လွန် ကြောင်း ဦးမင်းစိုးအောင်က ပြောသည်။

ရန်ကုန်မြို့တွင် မွန်လူမျိုးအများဆုံး နေထိုင်သည့် မြို့နယ်များမှာ မြောက်ဥက္ကလာ၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်များ ဖြစ်သည်။

Most read this week