တောင်ဖြိုမှုမှ နှုန်းမြေများကြောင့် လယ်မြေ ၊ သီးနှံပျက်စီးနေမှုကို သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး / ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းမှ ကွင်းဆင်းကြည့်ရှုစဉ် လာမည့်ရွေးကောက်ပွဲ တွင် ကျားဖြူပါတီကိုပါ ဆက်လက်မဲ ပေးကြရန် လူထုကို တပါတည်းတိုက်တွန်းခဲ့သည်ဟုနမ့်ခမ်းမြို့ခံများက ပြောပါသည်။
“ အခုလ ၁၆ ရက်က စိုင်းအိုက်ပေါင်းက နမ့်ခမ်းကိုရောက်လာတယ်။ တောင်ဖြိုမှုကနေနမ့်ဆီးရီးချောင်း ထဲကိုရောက်လာတဲ့ နှုန်းမြေ၊ ဗြုန်းမြေတွေကိုတွေ့တော့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတွေ၊ သတ္တုတူးဖော်ရေး (တောင်ဖြိုနေသည့် ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့) ကိုပါ ခေါ်ပြီး ‘ ငွေရှိတိုင်း ပြည်သူတွေကိုအနိုင်မကျင့်နဲ့။ ဒါလက်မခံနိုင်ဘူး။ စပါးပြန်စိုက်နိုင်အောင် လယ်ကွက်တွေပြန် ဖော်ပေးရမယ်’ လို့ကြိမ်းမောင်းသွားတယ်။ လူထုအကျိုးအတွက်လာကြည့်ပေးတယ်ဆိုတော့ လူထုက သူ့ကိုသောင်း သောင်း ဖျဖျကြိုဆိုတာ။ အိုးစည်ဗုံမောင်းတွေနဲ့ဘဲ” ဟု စယ့်ဟိုင်းရွာမှ ဦးစိုင်းမောင်က ပြောပါသည်။
ထို့အပြင် ပျက်စီးသွားသော လယ်မြေများအတွက် ပိုင်ရှင်များအားလျော်ကြေးပေးရန်နှင့် စပါးပြန်လည်စိုက်ပျိုး နိုင်အောင် ချောင်းရေနှင့်လယ်ကွက်များကိုအမြန်ဆုံး ပြန်ရှင်းလင်းပေးရန် စိုင်းအိုက်ပေါင်းကမှာကြားခဲ့သည် ဟု တွေ့ဆုံပွဲတက်ရသူ စိုင်းမောင်က ဆိုပါသည်။
စီးပွါးရေးလုပ်ငန်းရှင်(ကောင်းခါးအဖွဲ့)က တောင်ဖြိုကာ တောင်မြေနှင့် ကျောက်များ တရုတ်ပြည်သို့တင်ပို့ ရောင်း ချခဲ့ပါသည်။ ထိုနေရာမှလာသော ဗြုန်းမြေများ ကြောင့် လယ်မြေပျက်စီးသည့်အကြောင်းဒေသခံလူထု က ကျားဖြူပါတီသို့ တင်ပြ တောင်းဆိုသဖြင့် ဦးစိုင်းအိုက်ပေါင်းက ကွင်းဆင်းကြည့်ရှုခြင်းဖြစ်ပါသည်။
နမ့်ဆီးရီးချောင်းမှာ နမ့်ခမ်းမြို့နယ် ဝမ့်ကောင်းတပ်၊ ဝမ့်ခမ်း၊ ဝမ့်နောင် သားများ၏ လယ်မြေများကို ဖြတ်သန်းကာ ရွှေလီမြစ် ထဲသို့ စီးဝင်ကြောင်း နမ့်ခမ်းမြို့ခံ စိုင်းအိုက်ပီး ကပြောသည်။
လယ်မြေဆုံးရှုံးရသည့် ဒေသခံစိုင်းအိုက်ကလည်း “ လျော်ကြေးပေးတာတော့ ကျေနပ်ပါတယ်။ သို့ပေမယ့် တောင်ဆက် ဖြိုနေမယ်ဆိုရင်တော့ မထူးဘူးလေ ။ ကျနော်တို့လယ်သမားတွေဘဲထပ်ပြီး နစ်နာမယ်။ ဒါကြောင့်ဒီလုပ်ငန်းလုံးဝ ရပ်ဆိုင်း သွား အောင် လုပ်ပေးပါလို့ ပြည်နယ်ဝန်ကြီးကိုတင်ပြထားတယ်” ဟု ပြောဆိုပါသည်။
စိုင်းအိုက်ပေါင်းသည် ထိုသို့ လယ်သမားများနှင့်တွေ့ဆုံစဉ်ကလည်း လာမည့်ရွေးကောက်ပွဲတွင်ကျားဖြူပါတီ ကို ထပ်မံ မဲပေးကြရန် တိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။
“ကျားဖြူပါတီ တည်ထောင်ပြီးကတည်းက ဒီနေ့အထိ ဒေသခံပြည်သူလူထုရဲ့ကောင်းကျိုးကိုတော် တော်များများ လုပ်ပေး လာခဲ့တယ်။ လမ်းတံတားဆောက်တာတို့၊ အသိမ်းခံရလယ်ယာမြေတွေကိုရ အောင် ပြန် လုပ်ပေးတာတို့လုပ်ပေးခဲ့တယ်။ ဒါ့အပြင် ရပ်ရွာထဲမှာ အဓမ္မလုပ်အားပေးခိုင်းစေတဲ့ဟာ လျော့နည်းသွား အောင်လုပ်ပေးတယ်။ ဒါကြောင့် ကျားဖြူကလဲ လူထု အကျိုးဆက်လက်သယ်ပိုးချင် တယ်။ လာမယ့်ရွေး ကောက်ပွဲမှာ ကျားဖြူပါတီကိုဆက်လက် အားပေးမဲထည့်ပေးပါ ” ဟု ဦးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ကြောင်း နမ့်ခမ်းဒေသခံများ ကပြောပါသည်။
စိုင်းအိုက်ပေါင်းသည် ထိုနေ့က လယ်သမား၊ ဒေသခံလူထုနှင့် ကောင်းခါးပြည်သူ့စစ်တို့နှင့်တွေ့ဆုံပြီး နောက်ပိုင်း မွန်းလွဲ ၁ နာရီတွင် နမ့်ခမ်းမြို့ ကျားဖြူပါတီရုံးခန်းသို့ ရောက်ရှိကာ ပါတီဝင်နှင့် မြို့ခံများ အင်အား ၁၀၀ ကျော်နှင့်ထပ်မံတွေ့ဆုံ ခဲ့ကြောင်း၊ ညနေ ၄ နာရီမှ မူဆယ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်းပြောဆို လိုက် ပါသည်။