အလှူရှင်များ တရားဝင်အဖွဲ့အစည်း ဟုတ်မဟုတ် အဓိက ဆွေးနွေး

အလှူရှင်များ တရားဝင်အဖွဲ့အစည်း ဟုတ်မဟုတ် အဓိက ဆွေးနွေး
by -
ကန္တာရဝတီတိုင်း(မ်)

နိုင်ငံရေးပြုပြင်ပြောင်းလဲစဉ်ကာလတွင် ပူးပေါင်းလက်တွဲသွားနိုင်ရန်အတွက် ကယား(ကရင်နီ) ပြည်နယ် အတွင်းရှိ ဒေသခံ လူထုအခြေပြု လူမှုအသင်း အဖွဲ့များ  အစိုးရထံ တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းဟုတ်မဟုတ်  အလှူရှင်များက   ဆွေးနွေးမေးမြန်းလာကြောင်း သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့၌ လွိုင်ကော်မြို့ ကက်သလစ်ဓမ္မာရုံတွင် USAID (U.S . Agency for International Development ) အမေရိကန်သံရုံးမှ ကိုယ်စားလှယ်များနှင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်နေကြသည့် ဒေသခံလူမှုအသင်းအဖွဲ့အစည်း ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များ အားနည်းချက်များ အခက်အခဲများ ဆွေးနွေး ခဲ့ကြပြီးနောက် တရားဝင်မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယခုလို USAID မှ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အခြေအနေများ လာရောက်လေ့လာခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း ပြုလုပ်ခဲ့ကြပြီးနောက် တရားဝင်အဖွဲ့အစည်း ဟုတ်/မဟုတ် မေးခွန်းများမေးလာသည့်အတွက် အခက်အခဲရှိနေကြသည်ဟု ကယားဖူး ဖွံ့ဖြိုးရေးဌာနမှ ASSISTANT COORDINATOR  နော်မေထူးက ပြောသည်။

"  ကျမတို့ အဓိက မိတ်ဖက်ပူးပေါင်း လုပ်ဆောင်တဲ့အခါမှာ တချို့ DONER (အလှူရှင်) တွေပေါ့လေ သူတို့က REGISTER (တရားဝင်မှတ်ပုံတင်) ရှိလားဆိုတဲ့ အဓိက မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းဟုတ်မဟုတ် အဓိက မေးတဲ့ခါကျတော့ ဒါကလည်း ကျမတို့အတွက် အခက်အခဲတခုဖြစ်တယ်" ဟု ပြောသည်။

ဒေသခံလူမှုအသင်းအဖွဲ့အစည်းအများစုသည် ဘာသာရေးအဖွဲ့အစည်းအောက်ရှိ ဌာနခွဲတခု အနေဖြင့် ပြည်နယ်အတွင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့ကြတာ ဖြစ်သည်။

ယခုကဲ့သို့ တရားဝင်မှတ်ပုံတင် ထားခြင်း ရှိမရှိနှင့်ပတ်သက်ပြီး အလှူရှင်များ ထောက်ပံ့နိုင်သည့် အခြေအနေ အပေါ်တွင် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။  

"သူတို့ ကူညီဖို့ထက် သူတို့က လမ်းကြောင်းပေါ့…. အကြံပြုမှုတခုပဲရှိတယ်။ သူတို့ဒီ နောက်ထပ် ထပ်လုပ်မယ်ဆိုလို့ရှိရင်    REGISTER မလိုပဲနဲ့ သူတို့ဆီမှာ အဆိုပြုလွှာတင်တဲ့ အစီအစဉ်လေး သူုတို့မှာ ရှိတယ်ပေါ့နော" ဟု ဒေသခံလူမှု အသင်းအဖွဲ့အစည်းတခုမှ ကိုလီးရယ်က ပြောသည်။

ဒေသခံလူမှုအသင်းအဖွဲ့အစည်းများသည် လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဖရူဆိုကျေး ရွာများ၌ INGOs အဖွဲ့အစည်းများဖြစ်ကြသော Care Myanmar၊ ACF များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြသည်။

ယခုလို ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလတွင် နိုင်ငံတကာအဖွဲ့အစည်း အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များသည် ပြည်နယ်အတွင်းသို့ တော်တော်များများ ရောက်ရှိလာကြပြီး ဒေသခံ လူမှုအဖွဲ့အစည်းများထံ သတင်းအချက်အလက်များ ရယူခြင်း၊ ပူးပေါင်းခြင်းများ ပြုလုပ်လာကြသည်။

US-AID အနေဖြင့်လည်း တခြားအခန်းကဏ္ဍများအနေဖြင့် မိုင်းရှင်းလင်းရေး မပြုလုပ်နိုင်သေးသည့် အခြေအနေ များတွင် မိုင်းပညာပေး အစီအစဉ်များ သင်တန်းများပြုလုပ်လိုသည့် လူမှုအဖွဲ့အစည်း များကိုလည်း PROPOSAL တင်နိုင်ကြောင်း ထပ်လောင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။