ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း စပါးစိုက်ပျိုးသည့် ရာသီကျော် လွန်နေ သည့်တိုင်အောင် မိုးရေမရရှိသေးသဖြင့် တောင်သူလယ်သမားများ ပအိုဝ့်ရိုးရာ မီးရှုးများကို မီးရှို့ကာ မိုးခေါ်၊ မိုးကြိုပွဲ ရိုးရာဓလေ့များကို ပြုလုပ်နေ ကြသည်ကို တွေ့ရသည်။
လွိျင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆိုမြို့သွားသည့် လမ်းတလျှောက်တွင်ရှိသော လယ်ကွင်းအမှတ် ၁၊ ၂ သည် သြဂုတ်လအထိ စပါးစိုက်ပျိုးရန် မိုးရေမလုံလောက်သည့် ပြဿနာနှင့် ကြံုတွေ့နေကြရ သည့်အပြင် စပါးစိုက်ပျိုးချိန်တွင် အဆက်မပြတ် ရေများလွတ်ပေးထားရသည့် ငွေတောင်ဆည်ရေမှာလည်း တဖြည်းဖြည်း ခမ်းလာပြီဖြစ်သဖြင့် ဆည်ရေများကိုလည်း မရရှိသောကြောင့် အခက်ကြံုတွေ့နေကြရသည်။
မိုင်းလုံးရပ်ကွက်နေ ဒေသခံတောင်သူ တဦးက “မိုးမရွာလို့ အခုက ။ တချို့က ရေရှိတယ် ပျိုးကြဲမရဘူး ၊ တချို့ကလည်းရေ လည်းမရှိဘူး ပျိုးကလည်းရင့်နေပြီ အဲဒီလို အခက်အခဲတွေ ရှိတယ်။ ဒီလဆိုရင် တော်တော်လေးနောက် ကျနေပြီ ပျိုးကြဲတော့ လည်းမရတော့ ဘူးပေါ့။ ဒီလနောက်ဆုံးပဲ ဒီလစိုက်လို့ မရတော့ရင် မစိုက်တော့ဘူး” ဟု ပြောသည်။
ယခုအချိန်အထိ စပါးစိုက်ပျိုး၍ မရသေးသည့် လယ်ကွင်းအမှတ် ၁၊ ၂ ထဲတွင် ပအိုဝ့် တိုင်းရင်းသား လူမျိုးတွေက မိမိတို့၏ ဘိုးဘွားစဉ်ဆက်တွင် မိုးခေါင်သည့်နှစ်တိုင်း ဝါတွင်းကာလအတွင်း ၎င်းတို့ပအိုဝ့် ရိုးရာ မိုးခေါ်ပွဲကို လယ်ကွင်းထဲတွင် သွားရောက်ပြုလုပ်ကြသည်ဟု သိရသည်။
၆ လက်မခန့်ရှိသည့် ဝါးဗူးနှင့် ယမ်းကို ဝါးတိုင်ထိပ်တွင်ချည်ထားပြီး လယ်ကွင်းထဲတွင် မီးရှို့နေသည့် တောင်သူဦးလေးတဦးက “ဒီနှစ်တော့မိုးခေါင်တယ် နည်းနည်းလေး မီးရှို့ကြည့်ပေါ့ ဆိုပြီးတော့မှ အဲလိုဆိုမိုးရွာတယ် ဆိုပြီးတော့မှ ဘိုးဘွားစကားကို နားထောင်ပြီးတော့ လုပ်တာပေါ့” ဟု ပြောသည်။
၎င်းဒေသဘက်တွင် စပါးစိုက်ပျိုး၍ မရသေးသည့်လယ်များမှာ ဧကပေါင်း ၁၅၀၀ ခန့်ရှိနေပြီး သြဂုတ်လ နောက်ဆုံးပတ်အချိန်ထိ စပါးစိုက်ရန် မိုးရေကို စောင့်ဆိုင်းနေကြရသည်ဟု သိရသည်။