ကင်တားနား လားရှိူး ခရီးစဉ်၌ ပလောင် ဒေသ မူးယစ်ဆေးဝါး ကိစ္စ တင်ပြဖွင့် မရ

ကင်တားနား လားရှိူး ခရီးစဉ်၌ ပလောင် ဒေသ မူးယစ်ဆေးဝါး ကိစ္စ တင်ပြဖွင့် မရ
by -
ရွှေဟင်္သာ

သြဂုတ်လ (၁၈) ရက်နေ့၌ ရှမ်းပြည်နယ် လားရှိုး မြို့သို့ သွားရောက် ခဲ့သည့် ခရီးစဉ် အတွင်း၌ ပလောင် အမျိုးသမီးအဖွဲ့ (PWO) မှ ပလောင် ဒေသ တွင်း၌ မူးယစ် ဆေးဝါး သုံးစွဲ၊ ရောင်းဝယ် ဖောက်ကားမှု အခြေအနေ များကို တင်ပြခဲ့သည့် အပေါ် မစ္စတာ ကင်တားနားမှ တင်ပြခွင့် မပေး ခဲ့ကြောင်း ၄င်းတွေ့ဆုံ ပွဲကို တက်ရောက် ခဲ့သည့် တအာင်း ကျောင်းသား လူငယ် အဖွဲ့မှ မိုင်းမျိုးအောင်က ပြောသည်။

“သူ့အနေနဲ့ ဒီမူးယစ် ဆေးဝါး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိဘူး၊ မတင်ပြ ပါနဲ့လို့ ပြောသွား ပါတယ်၊ အခြား လူ့အခွင့် အရေး ချိုးဖောက်ခြင်း ခံရတဲ့ ကိစ္စ တွေကိုပဲ တင်ပြ ပါလို့ ပြောပါတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ် အဖွဲ့ (TSYU) မှ အတွင်းရေးမှူး (၂) မိုင်းမျိုးအောင်မှ ပြောသည်။

ယမန်နေ့ ည ၈ နာရီအချိန် တွင် လားရှိုးမြို့ Golden Hill ဟိုတယ်၌ တအာင်း ကျောင်းသား နှင့် လူငယ်အဖွဲ့ မှ (၂) ဦး နှင့် ပလောင် အမျိုးသမီး အဖွဲ့မှ (၂) ဦး စုစုပေါင်း  (၆) ဦးတို့အား မစ္စတာ ကင်းတားနားမှ ဦးဆောင်၍ ကိုယ်စားလှယ် (၄) ဦး ပါဝင်သည့် အဖွဲ့တို့က (၁) နာရီကျော်ကြာ တွေ့ဆုံ ခဲ့ပြီး လူ့အခွင့်ရေး ချိုးဖောက် ခံရခြင်း ကိစ္စရပ်များအား ဆွေးနွေး တင်ပြ ခဲ့ကြောင်း သိရှိ ရသည်။

“တအာင်း ဒေသမှာ စစ်ပွဲ ဖြစ်တဲ့ အခြေနေနဲ့ စစ်ပွဲကြောင့် လူ့အခွင့်ရေး ချိုးဖောက် ခံရမှုတွေ အကြီးစား စီမံကိန်း ဖြစ်တဲ့  ဂက်စ် ပိုက်လိုင်း အပါအဝင် ရွှေလီ ရေကာတာ ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ တအာင်း ဒေသမှာ ရှိတဲ့ လယ်မြေ၊ ယာမြေတွေ မတရား သိမ်းခံ ရမှုတွေနဲ့ စစ်ပွဲကြောင့် တအာင်း ဒေသမှာ ရှိတဲ့ ဒုက္ခသည် အခြေနေကို တင်ပြ ခဲ့တယ်” ဟု မိုင်းမျိုးအောင်က ဆက်ပြောသည်။

မစ္စတာ ကင်တာနားသည် လာရှိုးတွင် ဖြစ်ပျက် ခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်၍ မီးရှို့ ခံရသည့် လားရှိူး မြို့ရှိ ဗလီ ကျောင်းကို ဦးစွာ သွာရောက် ကြည့်ရှု့ ခဲ့ပြီး ဘာသာရေး ခေါင်းဆောင် များနှင့်လည်း မေးမြန်း ဆွေးနွေး သွားသည်ဟု ဆိုပါသည်။

“ထူးခြား တာက လားရှိုးကို မစ္စတာ ကင်တားနားက ရောက်ရောက်ခြင်း မီးရှို့ ဖျက်ဆီး ခံရတဲ့ ဗလီ ကျောင်းကို အရင်သွား ကြည့်တယ် နောက်ပြီး ဘာသာရေး ခေါင်းဆောင်တွေနဲ့ အရင် တွေ့ဆုံ ပြီးမှ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဖြစ် တာပါ” ဟု မိုင်းမျိုးအောင်မှ ဆိုပါသည်။

ထို့ပြင် ယနေ့ သြဂုတ်လ (၁၉) ရက်နေ့ နံနက်(၄) နာရီတွင် သီပေါ၊ နမ့်စမ်း ကို လည်း ခရီးဆက်ရန် ရှိသေး ကြောင်းလည်း မစ္စတာ ကင်တားနားမှ ဆိုခဲ့ပါသည်။

မစ္စတာ ကင်တားနား သည် သူ့ အနေဖြင့် လားရှိုး လာရသည့် ရည်ရွယ် ချက်သည် လာမည့် အောက်တိုဘာလ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာ နိုင်ငံရှိ တိုင်းရင်းသား ဒေသ များတွင် လူ့အခွင့်အရေး ချိုးဖောက် မှုနှင့် ပတ်သတ်၍ အစီရင် ခံစာ တင်ပြ နိုင်ရန် အတွက် အချက် အလက်များ လာရောက် ရယူခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း သိရှိ ရသည်။

ထိုမတိုင်ခင် သြဂုတ်လ (၁၃) ရက်နေ့ ၌လည်း မစ္စတာ ကင်တားနားသည် ရန်ကုန် အခြေစိုက် လူထု အခြေပြု လူ့အဖွဲ့ အစည်း များနှင့် တွေ့ဆုံ ခဲ့ကာ ယင်း အဖွဲ့များ၏ တင်ပြချက် များကို ရယူ သွားခဲ့ပြီး ဖြစ်သည်။

သြဂုတ်လ (၁၁) ရက်နေ့မှ စတင်ခဲ့သည့် ၄င်း၏ မြန်မာပြည် ခရီးစဉ်၌ (၁၀) ရက်ကြာ ကြာမြင့်မည် ဖြစ်၍ ယခု ခရီးစဉ်သည် ၄င်း၏ မြန်မာ နိုင်ငံသို့ လာရောက်သည့် (၇) ကြိမ်မြောက် ခရီး စဉ်လည်း ဖြစ်သည်။

၄င်း၏ ခရီးစဉ် အတွင်း၌ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် များသို့ သွားရောက်ကာ လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက် များကို သွားရောက် ရယူ ခဲ့ပြီး ဖြစ်ကာ၊ ယခု ရှမ်းပြည်နယ် ခရီးစဉ် စတင် နေခြင်းလည်း ဖြစ်သည်။

မြန်မာ နိုင်ငံသို့ ရောက်ရှိ နေစဉ် အတွင်း အင်းစိန် ထောင်သို့လည်း သွာရောက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေ အနေများကိုလည်း သွားရောက်လေ့လာ ခဲ့ပါသည်။