မစ္စတာ ကင်တားနားကချင် ပြည်နယ်မှ ထွက်ခွာ သွားပြီး နောက် ကချင်ပြည်နယ် အတွင်းရှိ ကချင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲများ ပြန် လည် ဖြစ်ပွား ခဲ့ကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘို က ပြောသည်။
“၁၇ ရက်နေ့က ကျနော်တို့ တပ်မဟာ (၁) ဘက်မှာ ရှိတဲ့ တပ်ရင်း (၁၀) ရဲ့ ရှေ့တန်း စခန်းကို အစိုးရ တပ်ဖွဲ့ တို့က လာရောက်တိုက်ခိုက် ခဲ့တယ်။ တိုက်ပွဲ ကတော့ ပြင်းထန် တယ်လို့ ပြောလို့ ရတယ်။ ကင်တားနား ပြန်သွား တာနဲ့တိုက်ပွဲက စတော့ တာဘဲ” ဟု ဆိုပါသည်။
ကချင်ပြည်နယ် အရှေ့မြောက်ဘက် လောခေါင်မြို့နယ်ရှိ ကချင် KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) ၏ ရှေ့တန်း တပ်စခန်းတွင် အစိုးရ တပ်ဖွဲ့ ခမရ (၅၁၂) ၊ နယ်ခြား စောင့်တပ် (BGF ) ပူးပေါင်း တပ်ဖွဲ့ တို့က အင်အား (၃၀၀) ကျော်ဖြင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၆) နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁ နာရီခွဲ အထိ (၇) နာရီခန့် လာရောက် တိုက်ခိုက် သွားသည်ဟု ဆိုသည်။
တိုက်ပွဲ အတွင်းနှစ်ဖက် တပ်ဖွဲ့ တို့၏ ထိခိုက်မှု သတင်း အသေးစိတ်ကို မသိရှိ ရသေးကြောင်း ဒုတိယ ဗိုလ်မှူးကြီးနော်ဘို က ဆိုသည်။
“သူတို့ တပ်ဖွဲ့တွေပြန်ဆုတ်ခွာ သွားတော့မှ တိုက်ပွဲက ရပ်ဆိုင်း သွားခဲ့ ရတယ်။ အစိုးရ တပ်ဖွဲ့ဘက်က နယ်မြေ ကျွမ်းကျင်းမှုမရှိလို့ ပြန်ဆုတ်ခွာ ပေးလိုက် ရတာပါ။ ရ နာရီကြာ ခုခံ တိုက်ခိုက် ရတဲ့ ကျနော်တို့ တပ်ဖွဲ့တွေတော်တော် ပင်ပန်း သွားတယ်။ အဲဒါကြောင့် မနေ့ ဂုဏ်ပြုပွဲ ကျင်းပ ပေးခဲ့ ရတယ်။” ဟု ဆိုသည်။
ကချင် KIA ၏ အခြား တပ်မဟာများဖြစ်ကြသော တပ်မဟာ (၂)၊ တပ်မဟာ (၃) နှင့် လိုင်ဇာ ဗဟို ဌာနချုပ် ဖြစ်သော တပ်မဟာ (၅) ဒေသ တို့၌ဇွန်လ ကုန်ပိုင်းတွင် နှစ်ဖက် တွေ့ဆုံပွဲ ကျင်းပ ပြီးနောက် တိုက်ပွဲ ဖြစ်ပွားမှု နည်းပါး လာသော်လည်းရှမ်းမြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဘက်တွင် နေစဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။
သို့သော် ကုလသမဂ္ဂ၏မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အိုဟေး ကင်တားနား ရှမ်းပြည်မြောက်ပိုင်း လာရှိုး မြို့သို့ ရောက်ရှိ သည်နှင့် အစိုးရ ဘက်မှစစ်ရေး လှုပ်ရှား မှုများရပ်သွားကြောင်း ဆိုပါသည်။
မစ္စတာ ကင်တားနားသည် ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့က ကချင် ပြည်နယ်သို့ ရောက်ရှိကာ (၁၅) ရက်နေ့၌ ရန်ကုန်သို့ ပြန်လာ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် (၂) ရက် အကြာ၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ၏ လိုင်ဇာ ဌာနချုပ် စခန်းသို့ ကင်တားနား သွားမည့် အစီအစဉ်ကိုမူ အစိုးရမှ ခွင့်မပြု သဖြင့် ဖျက်သိမ်း ခဲ့ရ ပါသည်။
KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။
KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။