အသင်းအဖွဲ့များ သဘောဆန္ဒအလျောက် လွတ်လတ်စွာမှတ်ပုံတင်ခွင့်ကို အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်း တွင် ပြင်ဆင်ပေးမည်ဟု ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီထံမှ သဘောတူညီမှုရခဲ့ကြောင်း အမျိုးသမီးအဖွဲ့များ ကွန်ရက် (မြန်မာ) မှ ဒေါ်သန္တာတင်က ပြောသည်။
သြဂုတ်လ ၁၈ ရက် မြန်မာမီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပက်သက်ပြီး အရပ်ဘက်အဖွဲ့စည်းများ၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၁၅ ရက် နေပြည်တော်တွင် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပက်သက်ပြီး အရပ်ဘက်အဖွဲ့စည်း၊ ရပ်ရွာအခြေပြုအဖွဲ့အစည်း ၂၈၁ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်၊
ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်များမှ ကိုယ်စားလှယ်ပေါင်း ၈၀ နှင့် တွေ့ဆုံဆွေးနွေးမှုမှထွက်ပေါ်လာသည့် သဘောတူညီမှုများကို သတင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
“ ပြည်တွင်းမှာရှိတဲ့ အသင်းအဖွဲ့တွေက မိမိတို့ သဘောဆန္ဒအလျောက် မှတ်ပုံတင်ချင်လဲတင်မယ်၊ မတင်ဘူးဆိုလဲ လက်ခံပေးဖို့ အသင်းအဖွဲ့ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်ကို ပြည်သူ့ရေးရာ စီမံခန့် ခွဲမှုကော်မတီ ဥပဒေမူကြမ်း မှာ ပြင်ဆင်ပေးဖို့ သဘောတူပေးခဲ့ပါတယ်” ဟု အမျိုးသမီးအဖွဲ့များ ကွန်ရက် (မြန်မာ)မှ ဒေါ်သန္တာတင်က ပြောသည်။
ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီမှ ၂၀၁၃ ခုနှစ်၊ဇူလိုင်လ ၂၇ ရက်တွင် အစိုးရသတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့သော အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ပေးရန် ကတိပြုခဲ့ပြီးဥပဒေမူကြမ်း တွင် ပါ၀င်သည့် အခန်း (၈) ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပယ်ချ၍ အသင်းအဖွဲ့များ၏ အကျိုးခံစား ခွင့်နှင့် အကာအကွယ်ပေးခြင်း အခန်းကို ထပ်ဖြည့်စွက် ပြင်ဆင်ရေးဆွဲပေးရန် သဘောတူညီမှု ရခဲ့ပြီး အသင်းအဖွဲ့များ အကျိုးခံစားခွင့် တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းကို ခံစားစေခြင်း၊ မှတ်ပုံတင်ထားသည့် အသင်းဖွဲ့များ၏ ကိုယ်ပိုင်အမည်နာမ အတွက် တရားစွဲဆိုခွင့် အစရှိသည့် အခွင့်ရေးမျာကို ထည့်သွင်း ဖြည့်စွက်ပြင်ဆင်ရေးဆွဲရန် ကတိပြုခဲ့သည်။
“မှတ်ပုံမတင်မနေရ ဥပဒေအရ ပြဋ္ဌာန်းလိုက်မယ်၊ ဥပေဒတွေအရ မှတ်ပုံမတင်လို့ ထောင်ချလိုက်ရင် အသင်းဖွဲ့တွေ ဆက်လုပ်တော့မှာ မဟုတ်ဘူး၊ ရပ်ရွာအခြေပြုတဲ့ ပြည်သူမပါရင် နိုင်ငံအပြောင်းအလဲကြီး အတွက် အန္တရာယ်ရှိ နိုင်တယ်” ဟု Generation Wave မှ ဥက္ကဌ ကိုမိုးသွေးက ပြောသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သော အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေကြမ်းနှင့် ပက်သက်ပြီး ပြည်တွင်း ရပ်ရွာအခြေပြု လူထုအဖွဲ့စည်းများ၊ အရပ်ဘက် အဖွဲ့စည်းများမှ ဥပဒေမူကြမ်း ပါ အချက်များကို ကန့်ကွက်မှုများရှိခဲ့ပြီး အထက်နှင့် အောက်မြန်မာပြည်မှ အရပ်ဘက်အဖွဲ့စည်း၊ ရပ်ရွာအခြေပြု အဖွဲ့စည်း စုစုပေါင်း ၂၈၁ ဖွဲ့သည် ရန်ကုန်နှင့်မန္တလေးမြို့များ၌ တစ် ပြိုင်နက်တွေ့ဆုံပြီး ကိုယ်စားလှယ်များရွေးချယ်ကာ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ပေးရန် သြဂုတ် ၁၅ ရက်တွင် လွှတ်တော်ရေးရာကော်မရှင်၊ ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
“အသင်းအဖွဲ့တွေအားလုံးက ဒီဥပဒေမူကြမ်း ထုတ်ပြန်လိုက်ခြင်းကို သဘောတူလက်ခံမှုမရှိပါဘူး၊ လွှတ်တော်က အသင်းအဖွဲ့များဆိုင်ရာ ဥပဒေတစ်ရပ် မဖြစ်မနေ ပြဋ္ဌာန်းမယ်ဆိုရင် ဥပေဒေကြမ်း စတင် ပြုစုစဉ်က အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးပါ၀င်ဆွေးနွေးခွင့်ပြုဖို့ လိုအပ်ပါတယ်” ဟု အမျိုးသား NGO(HIV/AIDS) ကွန်ရက် ဥက္ကဌ ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။