သာသာနာရေးဝန်ကြီးက ရခိုင်ရဟန်းတော် များကို ငြိမ်းချမ်းရေး ထိန်းသိမ်းပေး ရန် လျှောက်ထား

သာသာနာရေးဝန်ကြီးက ရခိုင်ရဟန်းတော် များကို ငြိမ်းချမ်းရေး ထိန်းသိမ်းပေး ရန် လျှောက်ထား
by -
နိရဥ္စရာ

သာသနာရေးဝန်ကြီးဌာနမှ ပင့်ဖိတ်မှုကြောင့် ရန်ကုန်မြို့ကိုရောက်နေသည့် ရခိုင် သံဃာတော်များကို သာသနာ ရေးဝန်ကြီး ဦးဆန်းဆင့်က ယမန်နေ့က လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ဆူပူများ မဖြစ်ပွားနိုင်အောင် ထိမ်းသိမ်းပေးခဲ့သည့်အတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း သာသနာရေး ၀န်ကြီးက လျှောက်ထား သည်ဟု တွေ့ဆုံပွဲတွင် ပါ၀င်သူ ရခိုင်ရဟန်းပျို စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဦးဉာဏက ပြောသည်။

monk-prayers

သာသနာရေးဝန်ကြီးနှင့် ရခိုင်သံဃာတော်များ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းများကိုလည်း ဦးညာဏက ယခုကဲ့သို့ မိန့်ကြားသည်။

“လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သတ်ပြီး လူထုအုံကြွမှုတွေ မဖြစ်ရအောင် ထိန်းသိမ်း ပေးတာတွေကို အစိုးရ အနေနဲ့လည်း သိရှိပြီးဖြစ်ပါကြောင်း။ အသိမှတ်လည်း ပြုပါကြောင်းဆိုပြီး လျှောက်တယ်။ ဆက်လက်ပြီး တော့ လည်း လူထုအုံကြွမှုမဖြစ်အောင် အရှင်ဘုရားတို့အနေနဲ့ ဆွေးနွေး ထိန်းသိမ်းပေးဖို့ ဆိုတာတွေကို လျှောက် တယ်။ ထိန်းသိမ်းရာမှာလည်း ရှေ့ထွက်ပြီး မလုပ်ဆောင်ဖို့နဲ့  သံဃာတွေ ရှေ့ထွက်ပြီး လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံတကာ သတင်းတွေမှာ သံဃာတော်တွေ ဦးဆောင်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိနေတယ်ဆိုတာတွေကို လျှောက်ပါတယ်”  ဟု ဆိုသည်။

ဆွေးနွေးပွဲကို သာသာနာရေးဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ သာသနာရေး ၀န်ကြီးဌာနမှ ညွန်ချုပ်၊ ဒုညွန်ချုပ်တို့ အပါ၀င် အရာရှိကြီးတချို့နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်လည်း တက်ရောက်ခဲ့သည်။

ရခိုင်သံဃာတော်များက ဆွေးနွေးပွဲတွင် ပြန်လည်ပြောဆိုခဲ့သည့်များကိုလည်း ဆရာတော် ဦးညာဏက ယခုကဲ့ သို့ ဆက်မိန့်ကြားသည်။

“ ဦးဇင်းတို့ဘက်ကလည်း လုပ်ဆောင်ခဲ့တာတွေမှာ ပြည်နယ်အစိုးရက လိုအပ်တဲ့အတွက် လျှောက်ထား တောင်းပန်လို့ လုပ်ခဲ့တာတွေရှိသလို ပြည်သူလူထုကလည်း လျှောက်ထား တောင်းပန်တဲ့အတွက် လုပ်ခဲ့ရတာ တွေလည်း ရှိတယ်။ ဒီလိုလုပ်ဆောင်ချက်တွေမှာ ပြည်နယ် အစိုးရနဲ့ လက်တွဲပြီးလုပ်တာတွေသာရှိတယ်။ ဦး ဇင်းတို့ အဖွဲ့အနေနဲ့ တစ်သီး တစ်ခြား လုပ်ဆောင်တာတွေ မရှိဘူးလို့ သူ့ကို ပြန်ပြီးပြောပြခဲ့ပါတယ်။”

ဆွေးနွေးပွဲကို နံနက် ၉ နာရီခွဲတွင်စတင်ပြီး နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပြီးဆုံးခဲ့သည်။

ရခိုင်သံဃာများကို သီးခြားပင့်ဖိတ်သည့်အတွက် အစောပိုင်းတွင် သာသနာရေးဝန်ကြီးမှ မေးမြန်းစစ်ဆေး မှုများ လုပ်နိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် တစ်စုံတရာ မေးမြန်းခြင်းမရှိဘဲ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးရန်သာ  လျောက်ထားပြောဆိုခဲ့ကြောင်း ဦးဉာဏက မိန့်ကြားသွားသည်။

Most read this week