သြဂုတ် လကုန် တွေ့မည်ဟု MPC ထံ UFNC အကြောင်းပြန်

သြဂုတ် လကုန် တွေ့မည်ဟု MPC ထံ UFNC အကြောင်းပြန်
by -
ရွှေဟင်္သာ

နိုင်ငံရေး အစပျိုး ဆွေးနွေး နိုင်ရန် အတွက် UNFC အဖွဲ့သည် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ အဖွဲ့အားသြဂုတ်လ (၃၀ ၊ ၃၁) နေ့ နှစ်ရက်တွင်  ဒုတိယအကြိမ် တွေ့ဆုံ နိုင်ရန် အတည်ပြု အကြောင်း ပြန်မည် ဖြစ်ကြောင်း ပဒိုမန်းမန်းကပြောသည်။

“ဦးအောင်မင်းရဲ့ စာအရ လမကုန်ခင် တွေ့မယ် ပြောထားတယ် မနေ့က အစည်းဝေးမှာ လကုန်ပိုင်း ၂ ရက်ကို လျာထား ပေမယ့် (၁ ) ရက်နဲ့ ပြီးရင်လည်း ပြီးမယ်။ နေရာ ကတော့ ချင်းမိုင် မှာပဲ သူတို့ ဘက်က ဘယ်လို အကြောင်းပြန် မလဲ ဆိုတာ မသိသေး ပါဘူး” ဟုဆိုပါ သည်။

ယမန်နေ့က UNFC မှ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး ထိုသို့ လက်ခံ တွေ့ဆုံရန် ဆုံးဖြတ် ချက် ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

လာမည့် တွေ့ဆုံ ပွဲတွင် နိုင်ငံရေး ဆွေးနွေးပွဲနှင့်ပတ်သတ်သည့် လမ်းပြ မြေပုံ ကိစ္စ၊ နိုင်ငံ ရေး စနစ်ကိုဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်မည့် ကိစ္စ၊ နိုင်ငံရေးကို လွှတ်တော် ပြင်ပမှ ဆွေးနွေး သွားမည့် ကိစ္စ၊ တပ်ဘက် ဆိုင်ရာတွင် တိုင်းရင်းသား ဒေသ များ၌ အစိုးရ တပ်စခန်း များကို ပြန်လည် လျော့ချ ပေးရန် ကိစ္စ တို့ကို ဆွေးနွေး သွားရန် ရှိနေ ပါသည်။

နိုင်ငံရေး အရ ဖြေရှင်း နိုင်ရန် အတွက် ပဋိပက္ခကိုဖြေရှင်း ရာတွင်လည်း ပဋိပက္ခကြောင့် ဖြစ်ပေါ် လာသည့် အကျိုးဆက် ကိုသာ ဖြေရှင်း ကြပြီး ပဋိပက္ခ ဖြစ်ပေါ် နေသည့် အရင်းအမြစ်ကို မဖြေရှင်း နိုင်လျှင် ငြိမ်းချမ်းရေးသည် ရေရှည် ခံမည် မဟုတ်ဟု UNFC ဘက်မှ သုံးသပ် ထားပါသည်။

UNFC အဖွဲ့မှ ရည်မှန်း ထားသော ဖက်ဒရယ် ပြည်ထောင်စုတွင် တိုင်းရင်းသား များ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံ ရမည် ဖြစ်ကာ ထိုဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက် သွားနိုင်ရန် ပထမ အစပျိုး အနေဖြင့် သဘော တူညီချက် ရရှိ ထားမှဖြစ်မည်ဟု ပဒိုမန်းမန်းက ဆိုပါသည်။

ယမန်နေ့က ကျင်းပခဲ့သည့် ၄င်း UNFC အစည်းအဝေး၌ နိုင်ငံရေး ဆွေးနွေးသည့် အခါ ကိုယ်စားလှယ် ၁၀ ဦးကျော် ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့အား UNFC မှ ဖွဲ့စည်း တာဝန် ပေးရန် ဆွေးနွေး ခဲ့ပါသည်။

ထို့ပြင် UNFC မဟုတ်သည့် လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အဖွဲ့စည်းကိုယ်စားလှယ် အဖွဲ့အားလုံး စုံအောင် ပါ၀င် လာနိုင်အောင် ကမ်းလှမ်း ဖိတ်ခေါ် သွားမည် ဖြစ်သည်။လေ့လာသူ အနေ ဖြင့်လည်း ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ပြည်တွင်းမှ UNA အဖွဲ့ NBF အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း ဖိတ်ခေါ် သွားမည် ဟုဆိုပါသည်။

နှစ်ဖက် ရည်မှန်း ထားသည့် နိုင်ငံရေး ဆွေးနွေးပွဲ ပေါ်ပေါက် ခဲ့လျှင်လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး သဘော တူညီချက် တစ်ရပ်ကို မချမှတ် နိုင်ခဲ့မည် ဆိုပါက လက်ရှိ ရရှိ ထားသော အပစ်အခတ် ရပ်စဲရေးနှင့် ယုံကြည်မှု တို့သည် ပြည်လည် သင့်မြတ်ရေး အဆင့် ၌သာ ရှိနေသည် ဖြစ်ကြောင်း UNFC အတွင်းရေးမှူး (၁) ပဒိုမန်းမန်းမှ ပြောသည်။

“ပြန်လည် သင့်မြတ်ရေး ဆိုတာက သမာရိုးကျ ရန်ဖြစ်လို့ တည့်အောင် ပြန်ပေါင်းတဲ့ အနေအထား မှာပဲ ရှိတယ်။ တကယ့် နိုင်ငံရေးအနှစ်သာရ မပါတဲ့ ပြန်လည် ရင်ကြား စေ့ရေး ဆိုတာ လောက်နဲ့တော့ ငြိမ်းချမ်းရေး ခိုင်မာမှာ မဟုတ်ဘူး။ ကျနော်တို့ နေထိုင်တဲ့ နိုင်ငံက တိုင်းရင်းသား ပေါင်းစုံ နေထိုင်တဲ့ နိုင်ငံ ဖြစ်တဲ့အတွက်ငြိမ်းချမ်းရေး အတွက် အတူတကွ နေထိုင်မယ် ဆိုတဲ့ ဆောင်ပုဒ် နဲ့အညီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ပြီးခိုင်မာတဲ့ ငြိမ်းချမ်းရေး စနစ်ကို မဖြစ်မနေ ရရှိမှ ဖြစ်မယ်” ဟု ဆိုပါသည်။

အစိုးရ ဘက်မှ ငြိမ်းချမ်းရေး တည်ဆောက် ရာတွင် ယုံကြည်မှု အရင် တည်ဆောက် ရမည်ဟု ပြောဆို နေပါသည်။ ထို့ကြောင့် UNFC ဘက်မှ ယုံကြည် နိုင်လောက်သည့် သက်သေမျိုး ပြရန်လည်း လိုအပ် နေကြောင်း ဆိုပါသည်။

ပြီးခဲ့သည့် ဇူလိုင် (၂၉) ရက်နေ့မှ (၃၁) ရက်နေ့ အထိ UNFC ဦးဆောင် ကျင်းပ ခဲ့သည့် တိုင်းရင်း ညီလာခံသည် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေခြင်း မဟုတ်ပဲ ငြိမ်းချမ်း ရေးနှင့် နိုင်ငံရေး အရ တွေ့ဆုံမှု အတွက် ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်သည့် နေရာတွင် အမှန်တကယ် လိုအပ်သည့် ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် တည်ဆောက် သွားနိုင်ရန် အတွက် အဖွဲ့အစည်း စုံ၏ အမြင် သဘောထား များကို ရယူ လိုခြင်း ဖြစ်ကြောင်း ပဒိုမန်းမန်းမှ ပြောသည်။

နိုင်ငံရေး အရ ဖြေရှင်း နိုင်ရန်အတွက် UNFC က ဆက်လက် ကြိုးစား သွားမည် ဖြစ်ပီး ယခု အစိုးရနှင့် နိုင်ငံရေး အရ ဖြေရှင်း၍ မရခဲ့လျှင် နောက်တက် လာမည့် အစိုးရနှင့် ဆက်လက် ညှိနှိုင်း ဆွေးနွေး သွားမည်ဟု ဆိုပါသည်။