မြိုင်ကြီးငူ ဒေသတွင် ကရင် လက်နက်ကိုင် (၃) ဖွဲ့ ပူးပေါင်း၍ မြေမြုပ်မိုင်း ပူးပေါင်း ရှင်းလင်း ခဲ့ကြစဉ် မိုင်းပေါက်ကွဲ မှုကြောင့် မိမိတို့ တပ်သား တစ်ဦး ဒဏ်ရ ရခဲ့ကြောင်း DKBA ကလို့ ထူးဘော တပ်ဖွဲ့၏ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီး သရီတူး က ပြောသည်။
“ကျနော်တို့ ဖော်လို့ မရ တော့တဲ့ မိုင်းတွေကို ဖောက်ကွဲ နေစဉ်မှာ DKBA ဘက်က တစ်ယောက် မိုင်းထိတယ်” ဟု ၄င်းမှ ပြောသည်။
မိဇိုင်း ဒေသ၌ မြေမြုပ် မိုင်းများ ရှင်းလင်း နေစဉ် မိုင်းအရေအတွက် များ၍ နေရာ အတိအကျ မသိရှိ ခြင်းကြောင့် မတော်တဆ မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ခဲ့ကာ DKBA မှ ဒု-ဗိုလ် စောချစ် ဘယ်ဘက် မျက်လုံး ဒဏ်ရာ ရခဲ့ကာ အသက်အန္တရာယ် စိုးရိမ်စရာ အနေအထား မရှိကြောင်း ဆိုပါသည်။
မြေမြုပ်မိုင်း ထူထပ်သည့် နေရာများမှာ ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသ တွင်းရှိ DKBA ကလို့ထူးလား ကွပ်ကဲရေး လက်အောက်ခံ (၉၀၆) တပ်ရင်း ဧရိယာနှင့် BGF (၁၀၁၄) တပ်ရင်း တို့၏ ထိန်းချုပ် နယ်မြေ ဖြစ်သည့် ၀ါးဒူးရွာ၊ ၀ါးတမော့ရွာ၊ ၀ါးသောခို့ရွာ၊ မီဇိုင်း ရွာလေး၊ မီဇိုင်း ရွွာကြီးနှင့်ကောဟဲ ကျေးရွာ အနီး တဝိုက်ပင် ဖြစ်ပါသည်။
ရှင်းလင်း ခဲ့သော မြေမြုပ်မိုင်း အမျိုးအစား များမှာ တိုက်မိုင်း၊ လက်လုပ်မိုင်း ၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း များနှင့် နိုင်ငံခြားမှ ထုတ်သော မိုင်းများ ဖြစ်ပါသည်။ စွန့်လွတ်မိုင်း ကိုမူ ဖောက်ခွဲ ပစ်ရုံမှ လွဲပြီး တခြား နည်းလမ်း မရှိဟု ဆိုပါသည်။
ထိုဒေသမှ ရွာလူကြီးများနှင့် ဒေသခံများ တင်ပြ လာချက် အရ ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့တွင် BGF တပ်စခန်း၌ ပြုလုပ် ခဲ့သော ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ အရေးပေါ် အစည်းအဝေး၌ အဆိုပါ မြေမြုပ်မိုင်းများ ရှင်းလင်း ကြရန် သဘောတူ ဆုံးဖြတ် ခဲ့ကြသည်။
ဇွန်လ (၁၃) ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက် ချပြီး နောက်ပိုင်းတွင် ၄င်း မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ် များကို စတင် အကောင်အထည် ဖော်ခဲ့ကြပြီး ရေကြီး မှုကြောင့် ခေတ္တ ရပ်နား ခဲ့ရ သော်လည်း ဇူလိုင်လ (၂၈) ရက်နေ့ ခန့်မှ စတင်၍ ပြန်လည် တူးဖော် ခဲ့ကြသည်။
ထိုမြေမြုပ်မိုင်း ရှင်းလင်း ရေးကို DKBA ကလို့ထူးလား ကွပ်ကဲရေး လက်အောက်ခံ တပ်ရင်း (၉၀၆) မှ ဒု-ဗိုလ်မှူးကြီး ရဲချစ်၊ ကရင် နယ်ခြားစောင့် တပ်ဖွဲ့ တပ်ရင်း (၁၀၀၄) မှ တပ်ရင်းမှူး ဗိုလ်မှူး မောင်ချစ်၊ KNU မှ ဒု-ဗိုလ်မှူးကြီး စောမြင့်ထွေး တို့က ဦးဆောင်၍ ပြုလုပ် ခဲ့သည်။
မြိုင်ကြီးငူ ဒေသ ဘက်ရှိ မိဇိုင်း၊ ကျံုထော်၊ ရင်းပိုင်း နေရာများသည် မြေမြုပ်မိုင်း အများဆုံး နေရာ ဖြစ်ကြောင်း ကရင် နယ်ခြား စောင့်တပ် BGF တပ်ရင်းမှ ဗိုလ်မှူး နိုင်မောင်ဇော် ကပြောသည်။
ကွင်းဆင်း လုပ်ဆောင် နေကြသည့် အဖွဲ့များ၏ လုပ်ငန်း အစီရင် ခံစာများ မရောက်ရှိ လာသေးခြင်းကြောင့် အရေအတွက် ပမာဏ အတိအကျနှင့် နေရာတို့ကို ထုတ်ဖော် ပြောကြားရန် ခက်နေသော်လည်း လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ကရင် BGF တပ်ဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
စတင် တူးဖော် ခဲ့ချိန်မှ စ၍ ယနေ့အထိ ၄င်းဒေသများမှ မြေမြုပ်မိုင်း အလုံး (၅၀) ကျော်ကို ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ပြီး ဖြစ်ကာ တူးဖော်ရန် ခက်ခဲသည့် မြေမြုပ်မိုင်း ရှိသည့် နေရာ များအား ထင်ရှားသည့် အမှတ်အသားများ ပြုလုပ် သတိပေး ဆိုင်းပုဒ်များ ထောင်ထား ခဲ့ကြောင်းလည်း ဆိုပါသည်။
ဤမြိုင်ကြီးငူ ဒေသရှိ မြေမြုပ်မိုင်း များသည် ၁၉၉၄ ခုနှစ်တွင် DKBA တပ်ဖွဲ့မှ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်စဉ် ကတည်းက စတင် မြုပ်နှံ ထားခဲ့သည်။ ထို့ပြင် ၂၀၁၃ ဧပြီလ (၂၇) ရက်နေ့တွင် DKBA နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့ သုံးရက်တာ တိုက်ပွဲ ဖြစ်ပွားစဉ်၌ ထောင်ထားသည့် မြေမြုပ်မိုင်း များလည်း ရှိနေ ပါသည်။
ပူးပေါင်း ရှင်းလင်း ဖော်ထုတ် မည်ဟု ဆိုသော မိုင်းများသည် ယခု နှစ်ဆန်းက နှစ်ဖက်ပြသနာ ဖြစ်စဉ် နှစ်ဖက် တပ်စခန်းများ လုံခြံုရေး အတွက် ထောင်ထားသည့် မိုင်းများအား ရှင်းလင်း မည်ဟု ဆိုပါသည်။