ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ လုပ်ငန်း အထောက် အကူပြုအဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေးဂေဟာလုပ်ငန်း အထောက်အကူပြု အဖွဲ့တို့ ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ထပ်မံတွေ့ဆုံကြမည်ဟု UNFC နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းကပြောသည်။
“သူတို့ဘက်က (မြန်မာ့ငြိမ်းချမ်းရေးဂေဟာ) အကြောင်းကြားစာတော့ ရောက်ပြီ၊ ဒီကိစ္စကို ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးရင်တွေ့နိုင်မယ့်ရက်ကို အကြောင်းြ ပန်ဖို့ရှိတယ်” ဟု ပဒိုမန်းမန်းက မဇ္စျိမကိုပြောသည်။
တွေ့ဆုံနိုင်ကြမည့် ရက်အတိအကျကို သြဂုတ်လ ၁၆ ရက်တွင် UNFC မှ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပရာ မြန်မာ့ငြိမ်းချမ်းရေးဂေဟာ သို့ ပြန်လည်အတည်ပြုကာ အသိပေးသွားမည်ဟုဆိုသည်။
ယခုအပတ်ကျင်းပမည့် နှစ်ဖက်နည်းပညာ အထောက်အကူပြုအဖွဲ့များ တွေ့ဆုံပွဲအား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကိုယ်တိုင်တက်ရောက်မည်ဖြစ် ကြောင်း UNFC ဘက်မှ ထုတ်ဖော်ပြောကြားထားသည်။
သို့သော်လည်း တက်ရောက်ကြမည့် ကိုယ်စားလှယ်အတိအကျကို မိမိတို့ဘက်မှ သတ်မှတ်အတည်ပြုရ သေးခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးနှင့် ဖော်ဆောင်ရေး အဖွဲ့ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးမှ ပြောသည်။
ကျွန်တော်တို့အနေနဲ့ သွားတွေ့မယ့်ကိုယ်စားလှယ် အတိအကျဖွဲ့စည်း အတည်ပြုရသေးခြင်းတော့ မရှိသေးပါဘူး။ ခန့်မှန်းချက်ကတော့ ဒီလကုန်လောက်တွေ့ဖို့ကတော့ သေချာသလောက်တော့ရှိတယ်” ဟု ဒေါက်တာမင်းဇော်ဦးက မဇ္စျိမအားပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ နည်းပညာအထောက်အကူပြု အဖွဲ့မှအနေဖြင့် အစိုးရမှ ချမှတ်ထားသည့် မူဖြစ် သည့် ရှေ့ဆက်၍ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန်အတွက် အင်အားစု အားလုံး ပါ၀င်နိုင်ရေး (All Inclusive) ဖြစ်မည့်ချဉ်းကပ်မှုကို ရယူမည်ဖြစ်ကာ အဖွဲ့အစည်းအားလုံး၏ အသံများအား နားထောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးကဆိုပါသည်။
ယခုတွေ့ဆုံခြင်းသည့် UNFC ဘက်မှအင်အားစုတစ်ခုအဖြစ် တင်ပြချင်သည့်အကြောင်းအရာများကို သွားရောက် နားထောင်မည်ဖြစ်ကာ ဆွေးနွေးကြမည့် အကြောင်းအရာအသေးစိတ်ကို မချမှတ်ရသေးကြောင်း ဆိုပါသည်။
UNFC ဘက်မှလည်း မည်သည့်အကြောင်း အရာများဆွေးနွေးမည်ကို အသေးစိတ်ချမှတ်ရသေးခြင်း မရှိသေးသော် လည်း ၎င်းတို့မှ တင်ပြရန်ရှိသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြသွားရန်ရှိကြောင်း UNFC ဒု-ဥက္ကဋ္ဌဒေးဗစ်သာကပေါမှ ပြောသည်။
“အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်နိုင်ရေး၊ သမ္မတကြီးကိုယ်တိုင်ပေါ့ဗျာ ပြောနေတဲ့ အလုံးစုံသော အပစ်အခတ်ရပ်စဲရေး အဲဒါမျိုးတွေပေါ့ဗျာ ရှုပ်ထွေးမှုတွေရှိတယ်၊ အဲဒါတွေဆွေးနွေး ရမှာပေါ့” ဟု ဒေးဗစ်သာကပေါက မဇ္စျိမအား ပြောသည်။
UNFC အနေဖြင့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် အစိုးရအားပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း တောင်းဆိုထားခဲ့ပြီး ၎င်းအားအကောင်အထည်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။
နောက်ပိုင်းများ၌ ယခုနှစ်ဇွန်လပိုင်းမှစ၍ နေပြည်တော်၌ ကျင်းပမည့်တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ကို ခေါ်ယူကျင်းပသွားရန်ရှိကြောင်း သမ္မတဦးသိန်းစိန်မှ ထုတ်ပြန်ပြောကြားခဲ့ပါသည်။
သို့သော်လည်း ၎င်းအစီအစဉ်သည် တိုင်းရင်းသားများဘက်မှ မိမိတို့မှရပ်ရမည်လား၊ မိမိတို့အားလာရောက် တိုက်ခိုက်နေသည့် တပ်မတော်တပ်မှ ရပ်ရမည်လားစသည့် နှစ်ဖက်မတင်မကျ ဖြစ်နေသည့် သဘောထား ဖွင့်ဆိုချက် ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေးဗစ်သာကပေါကပြောသည်။
ယခင်ပထမအကြိမ် တွေ့ဆုံစဉ်ကတည်းကပင် ဖွဲ့စည်းထားပြီးဖြစ်သည့် UNFC ၏နည်းပညာအထောက် အကူပြု အဖွဲ့တွင် အဖွဲ့ဝင်ငါးဦးပါ၀င်ကာ အဖွဲ့ခေါင်းဆောင်မှာ UNFC အတွင်းရေးမှူး (၂) ပဒိုမန်းမန်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်တွင် နှစ်ဖက်နည်းပညာအထောက်အကူပြုအဖွဲ့များ ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အကြိုညှိနှိုင်းပွဲတစ်ရပ် ကျင်းပနိုင်ခဲ့ပြီး ယခုထပ်မံတွေ့ဆုံနိုင်ကြရန် သဘောတူ နိုင်ခဲ့ကြခြင်းဖြစ်သည်။