သျှမ်းစာပေ ပျံ့ပွါးရေးအတွက်ရည်ရွယ်ကာ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ဒေသတွင်းလူငယ် များနှင့် သျှမ်းစာပေသင်ကြားရေး ဆရာ ဆရာမများ တွေ့ဆုံမှု ပြုခဲ့ကြကြောင်း စုံစမ်းသိရှိရပါသည်။
ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဝါဝင်ရက် (ဓမ္မစကြာရက်ဖြစ်သော) ဂျူလိုင်လ ၂၂ ရက်နေ့တွင် မန့်နားနေ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ ဒေသတွင်း သျှမ်းစာပေ သင်ကြားရေးဆရာ၊ ဆရာမ များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ကျားဖြူပါတီ ဝင် ဒေသတွင်းလူငယ်ခေါင်းဆောင် ၊ နမ့်ခမ်းမြို့ သျှမ်းစာပေယဉ်ကျေး မှုကော်မတီ ဥက္ကဌ စိုင်းလောင်ဝ်ခေးက လူငယ်များအား ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ ပထမအချက်ကတော့ ကျောင်းဆရာတွေ ဘယ်လိုအခက်အခဲတွေရှိနေသလဲ လူငယ်တွေသိရအောင်နဲ့ ဒုတိယ အချက် ကတော့ လူငယ်တွေကို စာများများဖတ်ဖို့။ သျှမ်းစာပေ များများဖတ်ဖို့ တိုက်တွန်းတဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။ ရှေ့ဆက်လဲ ထပ်မံတွေ့ဆုံသွားမယ်။ ဗဟုသုတချင်းဖလှယ်မယ်။ လူငယ်အချင်းချင်းကြား ရင်းနှီးမှုတိုးလာမယ် အဲလိုရည်ရွယ်ပါတယ်” ဟု စိုင်းလောင်ဝ်ခေးက ပြောသည်။
လူငယ်နှင့် သျှမ်းစာပေ ဆရာ၊ ဆရာမ များတွေ့ဆုံပွဲ ဒုတိယအကြိမ်ကို ယခုလ ၆ ရက်နေ့က ဟိုပုံရပ် ကွက် အစိုးရ စာသင် ကျောင်းတွင် ပြုလုပ်ခဲ့သည်ဟုဆိုပါသည်။ တွေ့ဆုံပွဲတိုင်း လူငယ် ၃၀ ကျော်တက် ရောက်ခဲ့ကြပြီး သျှမ်းစာပေနှင့် ပတ်သက်သော အထွေထွေဗဟုသုတ လဲလှယ်ခြင်းများပြုလုပ် ခဲ့ကြ ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့်ဒေသခံလူငယ် တဦးကပြောသည်။
တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တွေ့ဆုံပွဲကို မန့်နောင်ကောင်းရွာ နှင့် မန့်ကုန်းဆာရွာတို့တွင် ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတိုင်းတွင် ဒေသအတွင်းမှ သျှမ်းစာပေပျံ့ပွားရေး စိတ်ပါဝင်စားသည့်လူငယ်များ ၃၀ ထက်မနည်းစီ တက်ရောက်ခဲ့သည်ဟုလည်းဆိုပါသည်။
အဆိုပါလူငယ်နှင့် သျှမ်းစာဆရာများ တွေ့ဆုံပွဲကို ထပ်မံပြုလုပ်သွားမည်ဖြစ်ရာ မြို့တွင်း ရပ်ကွက်တွင်းတို့ရှိ လူငယ်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ပါဝင်လှုပ်ရှားသူ လူငယ် စိုင်းခမ်းကပြောသည်။
“ ကျနော်တို့အခု လုပ်ဆောင်နေတာကို သျှမ်းပြည်တွင်းက လူငယ်တွေစေချင်ပါတယ်။ ဒါမှသျှမ်းစာပေပျံ့ပွါး ရေးမှာ စိတ်ပါဝင်စားတဲ့လူငယ်တွေနဲ့ ကျနော်တို့ လက်တွဲလုပ်နိုင်မှာလေ။ ကျနော်တို့က ကျနော်တို့မြို့တွင်းမှာ ဘဲ လုပ်မှာ မဟုတ်ပါဘူး။ လက်တွဲမှုရရင်ရသလို သျှမ်းပြည်ရဲ့ တခြားဒေသအသီးသီးအထိ လှုပ်ရှားဖို့ စီစဉ်ထားပါတယ်။ လူငယ်တွေကို သျှမ်းစာပေ များများ ဖတ်ရှုလေ့လာမှု လုပ်စေချင်တယ်လေ” ဟု စိုင်းလောင်ဝ်ခေးက ပြောဆိုလိုက်ပါသည်။
ယခုလည်း နမ့်ခမ်းမြို့တွင် သျှမ်းစာပေယဉ်ကျေးမှုကော်တီ မှ သျှမ်းစာသင်ကြားရေး ၁ လ သင်တန်း ဖွင့်လှစ်ထားကြောင်း ဆိုပါသည်။