ဒေသခံတို့၏ ဆန္ဒမပါဘဲ နေပူတောင်ကျောက် ထုတ်လုပ်မူကို ရပ်နားရန် ပြည်သူများ လိုလား

ဒေသခံတို့၏ ဆန္ဒမပါဘဲ နေပူတောင်ကျောက် ထုတ်လုပ်မူကို ရပ်နားရန် ပြည်သူများ လိုလား
by -
နိရဥ္စရာ

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်နယ် အစိုးရ၏ သတ္တုတွင်း ၀န်ကြီးဌာနမှ ပြောကြားသော်လည်း လူထုဆန္ဒ သဘောထား မပါ၀င်သဖြင့်                  ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင် ကျောက်ထုတ်လုပ်မူကို ရပ်ဆိုင်းထားရန် ဒေသခံ ပြည်သူများက လိုလားနေကြောင်း သတင်း ရရှိသည်။

တောင်ကုတ် နေပူတောင် ( ဓါတ်ပုံ- နိရဥ္စရာ)

နေပူတောင် ကျောက်ထုတ်လုပ်မူကို  ပြည်ထောင်စု အစိုးရနှင့် ဗီယက်နမ်နိုင်ငံ Simco Song Da Joint Stock Companyတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

မတ်လ(၂၈)ရက်နေ့တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကလည်း  ပွင့်လင်းမြင်သာမှု မရှိ၊ ဒေသခံတို့ ၏ ဆန္ဒမပါသဖြင့် ရခိုင်ပြည်နယ် ဒေသန္တရ စီမံကိန်းတွင်ပါ၀င်သည့် နေပူတောင်မှ နေပူတောင်ကျောက်များကို ထုတ်လုပ်ခြင်း မပြုဘဲ ရပ်နား ထားရန် ထောက်ပြ ပြောဆိုခဲ့သည်။

မတ်လ(၂၆)ရက်နေ့ကလည်းရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှလူမှုရေး ၀န်ကြီး ဒေါက်တာအောင်ကျော်မင်းနှင့် သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်တို့ တောင်ကုတ်မြို့တွင်ဒေသခံရခိုင်ပြည်သူများ၊ နိုင်ငံရေး ပါတီများ၊ လူမှုကွန်ယက် အဖွဲအစည်းများနဲ့ာ တွေ့ဆုံပြီး ရှင်းလင်းခဲ့သည်။ သို့သော်လည်း တောင်ကုတ်မြို့ ဒေသခံ ရခိုင်ပြည်သူများ၏ သဘောတူညီမှုကို မရခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးဖေကြွယ်က ပြောကြားခဲ့သည်။

နေပူတောင်မှထွက်မည့်မာဘယ်(စကျင်) ကျောက်များကိုမြန်မာအစိုးရနှင့် ဗီယက်နမ် ကုမ္ပဏီတို့က အကျိုးတူ ထုတ်လုပ် ရောင်းချသွားရန် ၂၀၁၂ခုနှစ်၊မတ်လ ၁၆ရက်နေ့တွင်စာချုပ်ချုပ်ဆိုခဲ့သည်။

ယင်းနောက်ပိုင်း ပွင့်လင်းမြင်သာမှုနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု မရှိသည့် ၄င်းစီမံကိန်းအပေါ် ဝေဖန်မှုများတိုးပွားလာနေပြီး  ဒေသခံရခိုင်ပြည်သူများက သူတို့၏ ဆန္ဒ သဘောထားများကို သက်ဆိုင်ရာ အာဏာပိုင်များက မျက်ကွယ်ပြုနေသည်ဟု ဦးဖေကြွယ်က ပြောသည်။

ပြည်ထောင်စုသတ္တုတွင်းဝန်ကြီးဌာနနှငိ့ ဗီယက်နမ်ကုမ္ပဏီတို့၏ သဘောတူညီချက် အရ စီမံကိန်း ဒေသ အတွင်း ရှိသော ဒေသခံများ၏ ဆင်းရဲနွမ်းပါးမူ လျော့ချရေးအတွက် ထောက်ပံ့ပေးရန်၊ ဒေသခံများ  အလုပ်အကိုင် ရရှိရေး ဆောင်ရွက် ပေးရန်၊ ဒေသတွင်း ကျန်းမာရေး ပညာရေး လုပ်ငန်းများကို  ကူညီ ဆောင်ရွက်ရန်၊  ဆေးပေးခန်း၊ စာသင်ကျောင်းတွေ တိုးချဲ့၊ပြုပြင်ပေးရန်၊ လုပ်ငန်း လည်ပတ်ချိန်တွင် အဆိုပါ အချက်များအား အကောင်အထည်ဖေါ် ဆောင်ရွက်ရန် သဘောတူညီထားသည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈.၁၇)သန်း ကုန်ကျမည့် အဆိုပါ စီမံကိန်းမှ ရရှိမည့် အကျိုး အမြတ် အပေါ်မူတည်၍ နိုင်ငံတော်က အမြတ် ၅၀ ရာခိုင်နှုန်း၊ ဗီယက်နမ် ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ကုမ္ပဏီရရှိသည့် အမြတ် ၅၀ ရာခိုင်နှုန်းထဲမှ ဒေသဖွံ့ဖြိုးရေးအတွက် ၁၅ ရာခိုင်နှုန်း အထိ ခွဲဝေသုံးစွဲရန် ကုမ္ပဏီက သဘောတူထားသလို၊ စီမံကိန်းတွင် ပြည်တွင်း ဒေသခံ အလုပ်သမား၂၄၀နှင့် နိုင်ငံခြားလုပ်သား ၅၆ယောက် တို့ကို ခန့်ထားမည်ဟု ဆိုသည်။

ကျောက်ထုတ်လုပ်ရေးအတွက်  Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီက နေပူတောင်ဒေသ၌ အခြေစိုက်ဆောင်ရွက် လျှက်ရှိပြီး စီမံကိန်းကာလအား ၂၅နှစ် လျာထားကာ၊ တစ်နှစ်လျှင်မက်ထရစ်တန်ချိန် ရ၈၅၀ ကို ၂၀၁၃မှစ၍ နှစ်၂၀ကြာသည်အထိ အလှဆင်မာဘယ်များ ထုတ်လုပ် သွားမည်ဖြစ်သည်။

မူလ သတ်မှတ်သည့် ၂၀၁၃ခုနှစ်တွင် ကျောက်ထုတ် လုပ်ရန်မှာ တည်ဆောက်ရေးလုပ်ငန်းပြီးစီမှု  အနေအထား အရ ဖြစ်နိုင်ခြေမရှိတော့ဘဲ၊ ၂၀၁၄ခုနှစ်တွင်မှ စတင်ထုတ်လုပ်နိုင်မည်ဟု လုပ်ငန်းခွင်နဲ့နီးစပ်ရာသတင်း ရပ်ကွက်မှ ကြားသိရ သည်။

ပင်လယ်ရေမျက်နှာပြင်မှ ၂၂၂၃ ပေအမြင့်ရှိ နေပူတောင်မှာ တောင်ကုတ်မြို့ ၏ အရှေ့ဘက် ၂၉မိုင် လေးဖာလုံ အကွာ၊ ရခိုင်ရိုးမပေါ်၌ တည်ရှိပြီး၊ မြေပြင်မှ ပေ ၃၀၀ ခန့်မြင့်မား၍ လုံးပတ်မှာ ၅ မိုင် ခန့်ရှိကာ၊ အရောင် မျိုးးစုံပါဝင်သည့် မာဘယ် ကျောက်များဖြင့် ဖွဲ့စည်းထားသည့် နှစ်သန်းပေါင်း ရ၅ သန်းကျော် သက်တမ်းရှိ ကျောက်တောင်တစ်ခုဖြစ်သည်။

တောင်၏ကျောက်ထုတ်လုပ်မှု ဧရိယာမှာ ၂ ဒဿမ  ၃၇၀၃ စတုရန်းကီလိုမီတာရှိပြီး ထွက်ရှိမည့် အလှဆင် ကျောက် ပမာဏမှာ တန်ချိန်ပေါင်း ၈၇ သန်း ဖြစ်ကြောင်း ဘူမိဗေဒ မှတ်တမ်းများအရ သိရှိရသည်။

“ကျနော်တို့ဒေသက လူတွေက ကျနော်တို့ရခိုင်ပြည်မှာပဲ ကုန်ချော ထုတ်ဖို့ စက်ရုံ တည်စေချင် ကြတယ်။ ကျနော်တို့ ဒေသက ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရမယ်လို့ မျှော်လင့် နေကြတယ်။ တကယ်လို့  ဒေသခံတွေရဲ့ ဆန္ဒနဲ့ အညီမဟုတ်ရင်တော့ ဆန္ဒဖော်ထုတ်မှုတွေနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။ ရှင်းရှင်း လင်းလင်း ပြောရရင် ဒါကျနော်တို့ ရခိုင်ပြည်သူတွေပိုင်ဆိုင်တဲ့ အရာပါ။ ဒါပေမယ့် ဒီက ထွက်လာမယ့် အကျိုးတရားတွေကို ကျနော်တို့ ခံစားခွင့် ရရှိကြမှာမဟုတ်ပါဘူး။ ဒါဟာ တကယ့်ကို ရင်နာစရာပါ” ဟု တောင်ကုတ်မြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုသန်းလွင် ကဆိုသည်။

“ ဒီကျောက်တောင်ကို ဒီအတိုင်းထားရင်လည်း တန်ဖိုးကျ မသွားပါဘူး။ ဒါကြောင့် လူထု အကျိုး မရှိရင် ဆက်မလုပ်သင့်ပါ” ဟု  သူက ပြောဆိုသွားသည်။

Most read this week