သြဂုတ် ၁၄ ရက်က နိုင်ငံတော်သမ္မတ ရုံးခန်းမဆောင်၌ ကျင်းပသော ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာခံယူပွဲ အခမ်းအနားတွင် ပုဂိ်္ဂုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားလိုက်သည်။
ယင်းအခမ်းအနားသည် အသစ်ခန့်အပ်သော ပြည်ထောင်စုဒုဝန်ကြီးများနှင့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌများ ကတိသစ္စာ ခံယူသည့် အခမ်းအနားဖြစ်ပြီး မိန့်ခွန်းပြောကြားရာတွင် သမ္မတက ယင်းကဲ့သို့ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
စေတနာအလျောက် လုပ်မှားကိုင်မှားဖြစ်သည်ကို ပြုပြင်ပြင်ဆင်ပေးနိုင်သော်လည်း အထက်တွင် ပြောကြားထားသည့် အချက်များ မဖြစ်စေရန် စောင့်ထိန်းကြစေလိုကြောင်း သမ္မတက ပြောကြားခြင်းဖြစ်သည်။
သြဂုတ်လ ၉ ရက်က အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရာတွင်လည်း သမ္မတဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းမှု၊ အဂတိလိုက်စားခြင်းတို့ကို ထောက်ပြ ပြောဆိုသွားခဲ့သည်။
ယင်းအပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင်လုပ်ကိုင်တော့မည်ဟုလည်း သမ္မတ က သြဂုတ် ၉ ရက်က အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောဆိုသွားသည်။
“ဒီနေ့ကစပြီး နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲရေးဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင် အာရုံစိုက် လမ်းညွှန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောခဲ့သည်။
စီးပွားရေး
သြဂုတ် ၁၄ရက်မိန့်ခွန်းတွင် သမ္မတက ပြည်တွင်းစီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍လည်း ပြောဆို ထားပြီး တိုင်းပြည်တွင် သယံဇာတ၊ လုပ်သား၊ ကြီးမားသော စျေးကွက်များ ရှိနေသော်လည်း အရင်းအနှီး၊ နည်းပညာနှင့် လူသားရင်းမြစ်တို့ လိုအပ်နေကြောင်း ပြောခဲ့သည်။
ယခုအချိန်တွင် အခြေခံစီးပွားရေး လိုအပ်ချက်များကို အောင်မြင်စွာ ကျော်လွှားနိုင်သည့်အတွက် ပြည်ပမှ အထောက်အပံ့၊ အတိုးနှုန်းသက်သာသော ချေးငွေနှင့် နည်းပညာအကူအညီများ ၀င်ရောက်လာပြီဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် လူသားရင်းမြစ်များ ပေါ်ထွက်လာရေးအတွက်လည်း ဆောင်ရွက်နေပြီး အလုပ်အကိုင်များ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ လုပ်ဆောင်နေပြီဖြစ်သည်ဟု ဆိုသည်။ ယင်းအ ပြင် ပုဂ္ဂလိကနှင့် သမဝါယမ ကဏ္ဍများကို တိုးမြှင့်အားပေးပြီး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပေါ်ထွက်လာရန်လည်း တွန်းအားပေးဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောကြားသွားသည်။
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ထည့်သွင်း ပြောကြားရာတွင် တူညီသော အချက်များကို လက်တွဲ လုပ်ကိုင်နေပြီး မတူညီသည့် အချက်များကို စားပွဲပေါ်တွင် တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးသည့် ပုံစံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်နေရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၃ ဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဆင့် တွင် ဆွေးနွေးနိုင်ခဲ့ပြီး ပစ်ခတ်မှုများ ရပ်စဲသွားပြီဟုလည်းပါရှိသည်။ မကြာမီတွင် တစ်နိုင်ငံလုံးအဆင့် ပစ်ခတ်မှုရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ဆိုသည်။
မိမိတို့ အစိုးရအနေဖြင့် သက်တမ်းကျန်ရှိသော လပေါင်း ၃၀ အတွင်း ပြည်သူလူထု တိုက်ရိုက် အကျိုးခံစား လိုသောရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သွားလာမှု အဆင်ပြေရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုလုပ် ငန်းများကို မြန်မြန်ဆန်ဆန် လုပ်ကိုင်ရန်လည်း ပြောကြားခဲ့သည်။