တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဒေသခံများကပြောသည်။
“အိမ်က သူ့တပည့် အိမ်ဒေါင့်မှာ ရှိတဲ့ ဗုံးအဟောင်းယူဆော့လို့ ကွဲသွားတာတဲ့။ အဲဒီဆော့တဲ့ ကောင်လေးက ဗမာ လူမျိုး။ သူ့ဆီမှာ အလုပ်လာလုပ်တာတောင်မကြာသေးဘူး၊ အသက် ၂၂ နှစ်ဘဲရှိသေးတယ် ပွဲချင်းပြီး သေတယ်။ နောက်သုံးယောက် ဒဏ်ရာရတယ်ပြောတယ်” - ဟု တာလေမြို့ခံ စိုင်းလာဆိုင် က ပြောသည်။
Bomb
၂၀၁၃ ဩဂတ်စ် ၁၂ ရက် နေ့ခင်းပိုင်းတွင် တာလေမြို့နယ်ခွဲ မြို့လမ်းမ ပေါ်ရှိ ဦးခင်မောင်လတ် (လားဟူ အမျိုးသား) တာလေ မြို့ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်၊ ခမလ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ တွဲလျက်ဖွင့် ထား သော ရုံးခန်းတွင် ဗုံးတလုံးပေါက်ကွဲခဲ့သည်ဟုဆိုသည်။
“ဦးခင်မောင်လတ် ခေါ် စိုင်းအင်းဆိုင် က နမ့်လင်းချောင်းတလျှောက်ထွက်ရွှေတွေကို တူးဖေါ် တဲ့ ကုမ္ပဏီ အိမ်နဲ့တွဲလျက်ဖွင့်ထားတယ်။ သူ့သားကြီးက တာလေမြို့နယ်ခွဲ ဥက္ကဌ ဦးသန့်ခင်လတ်တဲ့။ လူနာတွေတော့ အရှေ့ဘက်ကမ်းသွားကုနေတယ်လို့ပြောတယ်” - ဟု ရပ်သားတဦးက ပြောပါသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မတော်တဆမှု မဖြစ်နိုင်ကြောင်း ဝေဖန်သံများလည်း ရှိနေပါသည်။ သီးခြားအတည် ပြုချက်တော့မရသေးပေ။
တာလေမြို့နယ်ခွဲသည် ၂၀၁၁ က အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့်မြို့ဖြစ်သည်။ ထိုစဉ် ဦးခင်မောင်လတ် အိမ်လည်း ပျက်စီးမှု တော်တော်များများရှိခဲ့သည်။
တာလေပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လတ်သည် အစိုးရ၊ စစ်အရာရှိကြီးများ ဝင်ဆန့်နိုင်သူဖြစ်၏။ နမ့်လင်းချောင်း ရွှေလုပ်ငန်းတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီများအနက် ၎င်းကုမ္ပဏီလည်းတခုပါဝင်သည်။