ရှမ်းမြောက် KIO နယ်မြေဘက် အစိုးရစစ်အင်အား တိုးမြှင့်မှုရှိ၊ ပလောင်ဒေသဘက် တည်ငြိမ်နေ

ရှမ်းမြောက် KIO နယ်မြေဘက် အစိုးရစစ်အင်အား တိုးမြှင့်မှုရှိ၊ ပလောင်ဒေသဘက် တည်ငြိမ်နေ
by -
မဇ္ဈိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ (၄) ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ ဘက်မှ စစ်အင်အား တိုးမြှင့်လာခြင်းကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည်ဟု KIOပြည်သူ့စစ်တပ်ခွဲ (၅) တပ်ရင်းမှူးဇော်ဆိုင်းက မဇ္စျိမကို ပြောသည်။

“တိုက်ပွဲပြန်ဖြစ်ဖို့ ရှိနေတယ်။ မနေ့ညက ကွတ်ခိုင်ဘက်ကနေ ၀င်းဆိုင်ဘက် တက်လာတဲ့ အင်အားက ၁၀၀ လောက်ရှိတယ်။ ပြီးတော့ ကိုးကန့်ဘက်က သံလွင်မြစ်ကို ဖြတ်လာတဲ့ စစ်ကြောင်း တစ်ကြောင်း၊ ဒီအဖွဲ့က တစ်နေ့က တက်လာတာ မနေ့ည မိုးချုပ်မှာ မုန်းဘော်ရောက်လာပြီး အဲဒီကနေ ၀င်းဆိုင်ဘက်ကို တက်လာတယ်။ အဲဒီနှစ်ဖွဲ့ လှုပ်ရှားလာတာက ထူးခြားတယ််”ဟု သူက မဇိ်္စျမကို ပြောသည်။

သြဂုတ်လ ၄ ရက်က KIO တပ်ရင်း ၃၆ အခြေစိုက်ဒေသဖြစ်သည့် မုန်းဂိုးဒေသ ပန်ဆိုင်း(ကြူကုတ်)၀င်း ဆိုင်အနီး ကွတ်ခိုင်မြို့နယ်ဘက်တွင် အစိုးရပ်တပ်အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းသည်လည်း ဆုတ်ခွာခြင်းမရှိသေးဘဲ ယခုထပ်မံတိုးမြှင့်လာသည့် စစ်သည်အင်အားအခြေအနေကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားရန် ရှိနေသည်ဟု တပ်ရင်းမှူးဇော်ဆိုင်းက ဆိုသည်။

ယခုသီတင်းပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း အစိုးရဘက်မှ အင်းအား ၂၀၀ ၀န်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းမှာ ထိုဒေသအတွင်းသို့ တိုးမြှင့် လှုပ်ရှားလာသည်ဟု သူက ဆိုသည်။

“အခု သူတို့လှုပ်ရှားလာတာကို ကြည့်ရင် ပြီးခဲ့တဲ့ ကျွန်တော်တို့နဲ့ တိုက်ပွဲက တပ်တွေလည်း ဆုတ်သွားတာမရှိဘူး။ အင်အားထပ်တိုးပြီးတော့ ပြန်တိုက်ဖို့ များနေတယ်ဆိုတာ တွေ့ရတယ်။ မနေ့က သန်းခေါင်မှာတောင် သူတို့ တက်လာရင် တိုက်ပွဲဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သူတို့က ပြန်တက်လာတာမရှိဘူး” ဟု ဆိုသည်။

အစိုးရစစ်ကြောင်းမှာ လက်ရှိ KIA ပြည်သူ့စစ်များ အခြေချနေသော ဒေသသို့ တက်လာခြင်းမရှိဘဲ ထိုမှ ၄၅ မိနစ်ကြာ သွားရသော ၀င်းဆိုင်ကျေးရွာတွင် အခြေချနေသည်။ ပြီးခဲ့သည့် သီတင်းပတ် သြဂုတ်လ ၄ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟုလည်း တပ်ရင်းမှူးဇော်ဆိုင်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် TNLA တို့ အခြေစိုက်ရာနေရာများသို့ အစိုးရလှုပ်ရှားမှု ရှိနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေ။

“အစိုးရ စစ်လှုပ်ရှားမှုကတော့ ပုံမှန်ရှိနေဆဲပဲ။ ဒါပေမဲ့ တိုက်ပွဲတော့မရှိဘူး။ တိုးတက်ပြောင်းလဲမှုက တပ် တစ်တပ်ကပြန်ဆုတ်သွားတဲ့ သဘောရှိတယ်။ ဆွေးနွေးပွဲနောက် ကျွန်တော်တို့ စခန်းချထားတဲ့ နေရာ ဘက် ၀င်ဖြတ်သွားတာတော့ မရှိဘူး”ဟု TNLA ဗိုလ်မှူးမိုင်းဘုန်းကျော်က ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်က နမ့်ခမ်းမြို့နယ်၊ အွေ့လောကျေးရွာ အခြေချထားသော ခလရ ၁၃၀ တပ်ရင်း တစ်ရင်းပြောင်းရွှေ့သွားသော်လည်း အစိုးရစစ်အင်အား အနည်းဆုံး ၃၀၀၀ ခန့် လှုပ်ရှားနေဆဲဖြစ်သည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် လူထုရှင်းလင်းပွဲများ ကျင်းပနိုင်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများ ဆက်လက်ပြုလုပ်နိုင်ခြင်းနှင့် တိုက်ပွဲများဖြစ်ပွားမှု မရှိခြင်းတို့မှာ ကောင်းသည့် လက္ခဏာအဖြစ် ရှုမြင်ကြောင်းလည်း ဗိုလ်မှူး မိုင်းဘုန်းကျော်က ပြောသည်။

Most read this week