အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို တောင်ကြီး အရပ်ဘက် အဖွဲ့အစည်းများမှ လူငယ် များစုပေါင်းကာ လူငယ်များနေ့ဖြစ်သည့် သြဂုတ် ၁၂ ရက်က တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပွဲကို တောင်ကြီးတက္ကသိုလ်မှ ကျောင်းသားလူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
“လူငယ်တွေမှာလည်း ဘာမဆို လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ခံစားချက်လေးနဲ့ လူငယ်များနေ့မှာ ကျွန်တော် ပါ၀င်ဖြစ်တာ ပါ” ဟု နွေအရိပ် အရပ်ဘက်အဖွဲ့အစည်းမှ လူငယ် စိုင်းသူရဦးက မဇ္ဈိမကို ပြောသည်။
အခမ်းအနားကို ၁၁နှင့်၁၂ နှစ်ရက်ပေါင်း ကျင်းပမည်ဖြစ်ပြီး ပထမနေ့အစီအစဉ်တွင် လူငယ်များ စုပေါင်းပြီး သီချင်း သီဆိုခြင်း၊ စကားရည်လုပွဲ ကျင်းပခြင်း၊ လူငယ်များ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးခြင်းများ ပြုလုပ် ကြသည်။ ဒုတိယနေ့တွင် လူငယ်များနေ့ သမိုင်းကြောင်းအား ပွဲစီစဉ်သူ လူငယ်များက ပြောဆိုပြီး ဂိမ်းကစားခြင်း၊ ရုပ်ရှင်မှတ်တမ်းပြသခြင်း၊ အနာဂတ်လုပ်ငန်းစဉ်များအတွက် အစီအစဉ်ရေးဆွဲခြင်း၊ ဘသာဝပတ်ဝန်းကျင်ဆိုင်ရာပြဇာတ်ကပြခြင်းစသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။
“လူငယ်တွေဘေးမှာ ရှိနေတဲ့ မူးယစ်ဆေးတွေ၊ အရက်ဘီယာတွေစတဲ့ ပတ်ဝန်းကျင်နေရာကို ကောင်းမွန်တဲ့ အသိုင်းအဝန်းလေးဖြစ်အောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်”ဟု ပွဲဖြစ်မြောက် ရေးတာဝန်ခံ ၀င့်ထယ်ကောင်းမြတ်က ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အား တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ ပြပွဲရက်အတွင်း ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဓာတ်ပုံများပါ ခင်းကျင်းပြသထားပြီး စိတ်ဝင်စားသူလူငယ် များ လေ့လာခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို သြဂုတ် ၁၂ ရက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝန်းတွင် ကျင်းပလေ့ရှိရာ မြန်မာနိုင်ငံတွင် အခမ်အနားပြုလုပ်မှု အလွန်ရှားပါးသည်။