နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ ညီညွတ်ရေးအတွက် (၈၈) ကျောင်းသား ကြိုးစားမည်

နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ ညီညွတ်ရေးအတွက် (၈၈) ကျောင်းသား ကြိုးစားမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးများ ညီညွတ်ရေးအတွက် (၈၈) ကျောင်းသားအင်အားစုများက ကြိုးစားသွားမည်ဟု လွိုင်ကော်မြို့မှ (၈၈) အဖွဲ့ဝင် ကိုသက်နောင်ထွန်း က ပြောသည်။

ကိုသက်နောင်ထွန်းက “ကျနော်တို့ ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေအသီးသီး၊ အဖွဲ့အစည်းတွေ အသီးသီးညီညွတ်ရေးအတွက် ကျနော်တို့ (၈၈)အင်အား စုကနေပြီးတော့မှ ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် တွေ ချထားပါတယ်” ဟု ပြောသည်။

(၂၅) နှစ်မြောက် လူထုဒီမိုကရေစီ အရေးတော်ပုံ (၈၈၈၈) ငွေရတုအထိမ်းအမှတ် အခမ်းအနား (ဓါတ်ပုံ-ကေတီ)

လွိုင်ကော်မြို့ (၈၈) လူထုဒီမိုကရေစီ အရေးတော်ပုံ စတင်အခြေပြုဆင်နွဲခဲ့သည့် ဥတ္တရာရုံပရိယတ္တိစာသင် တိုက်၌ သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၂၅) နှစ်မြောက် လူထုဒီမိုကရေစီအရေး တော်ပုံ (၈၈၈၈) ငွေရတုအထိမ်းအမှတ် အခမ်းအနားအပြီး ပြောသွားခြင်းဖြစ်သည်။

အခမ်းအနားတွင် (၈၈)ကျောင်းသားဟောင်းများ က အရေးခင်းဖြစ်ပျက်ခဲ့သည့် ဓါတ်ပုံ၊ ဗွီဒီယို မှတ်တမ်းများ ကို ပြသသွားကြပြီး ဘုန်းတော်ကြီးများ ဆွမ်းကပ် လှူဒါန်းခြင်း ကုသိုလ်ကောင်းမှု ပြုလုပ်သွားကြသည်။

ယခုကဲ့သို့ ပွင့်လင်းမြင်သာသည့်ကာလတွင် အတိတ်မှဖြစ်ပျက်ခဲ့သည့် အကြောင်း အရာများသို့ ပြန်မလှည့် တော့ပဲ ကယားပြည်နယ်၏ အနာဂတ်အတွက် ပိုမိုကောင်း မွန်လာစေရန် (၈၈) အဖွဲ့ဝင် အင်အားစုများမှ ဇောက်ချလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောသည်။

ကိုသက်နောင်ထွန်းက “ခေတ်တွေ စနစ်တွေပြောင်းလာပြီဗျ၊ အဲတော့ ပွင်းလင်းမြင်သာမှုတွေလည်း ဖြစ်လာပြီဗျ၊ အဲချိန်မှာကျနော်တို့က ဒီရရှိတဲ့ ပွင့်လင်းမြင်သာတဲ့ အခွင့်အရေးတွေကို စနစ်တကျ အသုံးချပြီး တော့မှ ကယားပြည်နယ် အနာဂတ်အတွက် ကောင်း ရာကောင်းကြောင်း လုပ်ဖို့အတွက် ကျနော်တို့ (၈၈) အများစုကနေပြီးတော့မှ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။

အခမ်းအနားတွင် နိုင်ငံရေးပါတီများ၊ လူငယ်အဖွဲ့အစည်းများမှ လူဦးရေ (၅၀၀) နီးပါးတက်ရောက်ခဲ့ကြ သည်။