တပ်မတော်မှ ကလေးစစ်သား ၆၈ ဦး လွှတ်ပေး

တပ်မတော်မှ ကလေးစစ်သား ၆၈ ဦး လွှတ်ပေး
by -
မဇ္ဈိမ

မြန်မာ့တပ်မတော်မှ ကလေးစစ်သား ၆၈ ဦးကို စတုထ္ထအကြိမ်မြောက် ထပ်မံလွှတ်ပေးလိုက်ပြီး အဆိုပါ လွှတ်ပေးမှုအပေါ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် UNICEF တို့မှ ကြိုဆိုလိုက်သည်။

ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်းမှာ မကြာသေးခင် ကာလအတွင်း ကလေးနှင့် လူငယ်စစ်သားပေါင်း ၄၂ ဦးအား ကုလနှင့် မြန်မာအစိုးရအကြား ကလေးစစ်သား အားလုံးအား ပြန်လွှတ်ပေးရန် ရည်ရွယ်သည့် သဘောတူညီ ချက်နှစ်ပတ်လည်နေ့တွင် လွှတ်ပေးခဲ့ပြီးနောက် ဒုတိယအကြိမ် ဖြစ်သည်။

ထို့ပြင် အစိုးရသစ်လက်ထက် ၂၀၁၂ စက်တင်ဘာတွင် ၄၂ ဦး၊ ၂၀၁၃ တွင် ၂၄ ဦး နှင့် ဇူလိုင်တွင် ၄၂ ဦး လွှတ်ပေးခဲ့ပြီး ယခုတစ်ကြိမ် ထပ်လွှတ်ပေးခဲ့မှုကြောင့် လေးကြိမ်ရှိသွားပြီဖြစ်သည်။

ယခုကဲ့သို့ လွှတ်ပေးခြင်းများသည်က လေးစစ်သားများ၏ လုံခြံုရေးအားအကာအကွယ်ပေးရန်အတွက်ရေး ဆွဲထားသည့် ကုလလုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ အပေါ် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ အကြား သဘောတူညီခဲ့ကြပြီး၊ ယင်းအား အကောင်ထည်ဖော်သည့် အနေဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းများ ဖြစ်သည်။

“ကလေးနဲ့လူငယ်ပေါင်း ၆၈ ဦးကို တပ်မတော်ကနေပြီးတော့ တစ်လအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ထပ်လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ မြန်မာအစိုးရအနေနဲ့ ကလေးစစ်သား အသုံးပြုမှု ကာကွယ်ရေးနှင့် ရပ်တန့်ရေး သဘောတူညီချက်ကို အသိမှတ်ပြု အကောင်ထည်ဖော်ခြင်းဖြစ်ပါတယ်” ဟု ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam မှ ပြောကြားသည်။

ပြန်လွှတ်ပေးသည့် အခမ်းအနားသို့ တပ်မတော်မှာ ထိပ်တန်းအရာရှိများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေး ဌာနနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။ ထို့အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်နှင့် ကုလလက် အောက်ခံ အဖွဲ့များဖြစ်သော UNICEF, ILO, နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊  Save the Childrean နှင့် World Vision တို့မှလည်း တက်ရောက်ခဲ့သည်။

“စစ်တပ်ဆိုတာ ကလေးတွေနေရမယ့် နေရာမဟုတ်ပါဘူး။ ကလေးတွေနဲ့ လူငယ်တွေကို ဒီနေ့ ပြန်လွှတ်ပေး လိုက်တဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာရပါတယ်” ဟု မစ္စတာ Nigam မှ ပြောကြားခဲ့သည်။ “သူ တို့ကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ သူတို့တွေရဲ့ မိသားစုတွေနဲ့ ပြန်လည်ပူးပေါင်းနိုင်ပါစေလို့လည်း ကြေညာ လိုက်ပါတယ်”  ဟု  Nigam ကဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူး၏ နောက်ဆုံး အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် ကလေးစစ်သားများ စုဆောင်းအသုံးပြုသည့် မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့များအားလုံးအနေဖြင့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပဋိညာဉ် သဘောတူညီချက်၊ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ တို့နှင့်အညီ ကလေးသူငယ်များအား လွှတ်ပေးရန် အလေးအနက် တိုက်တွန်းလိုက်သည်ဟုလည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် UNICEF တို့မှ ပြောကြားလိုက်သည်။

Most read this week