အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ကတောင်းသည့် အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ် ၈ ရက်က ပြဋ္ဌာန်းလိုက် သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နှစ်က ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ထိုသို့ ပါ၀င်လာခြင်းဖြစ်သည်။
အာဏာပိုင်တို့၏ ပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးကြည့်ရှုမည် ့“လာဘ်ပေးလာဘ်ယူမှု တားမြစ်ရေးကော်မရှင်” ဆိုသည်မှာ လက်ရှိတွင် မရှိသေးဘဲ၊ ယခုဥပဒေသစ်အရ အသစ်ဖွဲ့စည်းရမည် ဖြစ်သည်။ အဖွဲ့ဝင် ၁၅ ဦးပါ၀င်မည့် ထိုကော်မရှင်အတွက် သမ္မတ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ တို့က ငါးဦးစီ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။
ထို ၁၅ ဦးအနက် မည်သူက ဥက္ကဋ္ဌ၊ မည်သူက အတွင်းရေးမှူး စသည့် ရာထူးများကိုမူ သမ္မတကသာ သတ်မှတ်မည် ဖြစ်သည်။
ထိုသို့ ဖွဲ့စည်းထားသည့် ကော်မရှင်က အာဏာပိုင်များ၏ ငွေကြေး၊ ရပိုင်ခွင့်နှင့်ပိုင်ဆိုင်မှုများကို ကြေငြာရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တောင်းခံမည်ဖြစ်ပြီး ထိုသို့ တောင်းခံလာပါက အာဏာပိုင်များအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုများကို မည်သို့မည်ပုံ ပိုင်ဆိုင်ခဲ့သည်ကိုလည်း ကြေညာကာ ကော်မရှင်ကို ရှင်းလင်းတင်ပြရမည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
ထို့ပြင် အာဏာပိုင်များသည် ၎င်းတို့ပိုင် ပစ္စည်းများကို ရောင်းချခဲ့ပါကလည်း ထိုရောင်းချငွေကို အခွန်ဆောင် ထားကြောင်း အထောက် အထား ပြရမည်ဖြစ်ပြီး၊ ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ၎င်းတို့ပိုင်ဆိုင်သည့် ငွေ၊ ပစ္စည်းနှင့် ရပိုင်ခွင့်များကိုလည်း ကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။
အာဏာပိုင်များအနေဖြင့် ၎င်းတို့ပိုင် ပစ္စည်းများကိုသာမက တစ်စီးပွားတည်းဖြစ်သော မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း ၎င်းတို့ပိုင်ဆိုင်မှုများကဲ့သို့ အသေးစိတ် ကော်မရှင်ထံ အစီရင်ခံရမည်ဖြစ်သည်။
အကယ်၍ အာဏာပိုင်ပုဂ်္ဂိုလ်က သေဆုံးသွားခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုက အထက်ပါ စည်းမျဉ်းအတိုင်း ပိုင်ဆိုင်မှုများကို အသေးစိတ် တင်ပြရမည်ဖြစ်သည်ဟုလည်း ဥပဒေက ဆိုသည်။
သို့သော် ထိုသို့ ပြဌာန်းထားသည့် အဆိုပါ ဥပဒေပုဒ်မ ၄၇ တွင် “လုပ်ပိုင်ခွင့် အာဏာရှိသူများ” ဟုသာ ထည့်သွင်းပြဋ္ဌာန်းထားပြီး မည်သည့်အဆင့်ရှိသည့် အာဏာပိုင်မှ စတင်၍ ပိုင်ဆိုင်မှုကြေငြာရမည်ကိုမူ အသေးစိတ်ဖော်ပြ မထားပေ။
“နည်းဥပဒေ ထွက်လာသည့်အခါ မည်သည့်ရာထူးအဆင့်ရှိသူဟူ၍ အသေးစိတ် သိရမည်”ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ အောက်လွတ်တော်အမတ် ဦးသိန်းညွန့်က မဇ္စျိမသို့ ပြောသည်။
ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်၍ ဦးသိန်းညွန့်က “စင်ကာပူမှာ လုပ်တဲ့အ တိုင်းပဲ” ဟု ဆိုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေသစ်အရဆိုလျှင် မည်သည့် ပြည်သူကမဆို လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင်ဖြစ်စေ၊ အာဏာပိုင် မဟုတ်သူဖြစ်စေ အဂတိလိုက်စားနေကြောင်း သက်သေ အထောက်အထား ခိုင်မာစွာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်(သို့) ယခုဥပဒေသစ်အရ ဖွဲ့ထားသည့် အဖွဲ့အစည်း တစ်ခုခု(သို့) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့တို့သို့တိုင်ကြားလျှင် ကော်မရှင်က အဆင့်ဆင့်စုံစမ်းပေး ရမည်ဟု ဥပဒေတွင် ပါရှိသည်။ သို့သော် လိမ်လည်တိုင်တန်းလျှင်မူ ယခုဥပဒေအရ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ယခုဥပဒေတွင် ပြဋ္ဌာန်းထားသေးသည်။
လာဘ်ပေးသူ(သို့) လာဘ်ယူသူသည် ထိုသို့ ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ် အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ဥပဒေ သစ်တွင် ဖော်ပြပါရှိသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းသည့် သြဂုတ် ၈ ရက်တွင် တိုက်ဆိုင်စွာပင် အစိုးရကလည်း လာဘ်စားသဖြင့် ၎င်းတို့အရေးယူထားသည့် နိုင်ငံ့ဝန်ထမ်းများ၏ စာရင်းကို ထုတ်ပြန်လိုက်သည်။
ထိုစာရင်းတွင် နိုင်ငံ့ဝန်ထမ်း ၄၅၀ ဦးကို အဂတိလိုက်စားသဖြင့် အရေးယူထားပြီး ၎င်းတို့အနက် ၃၆၂ ဦး ကို
နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ အရ အရေးယူးထားပြီး ၆၉ ဦးကို ဌာနပြောင်းရွှေ့စေသည့် ပြစ်ဒဏ်ချမှတ်ထားကာ ၁၈ ဦးကို အငြိမ်းစားပေးလိုက်သည်ဟု တွေ့ရသည်။ တစ်ဦးကိုမူ ထောင်ဒဏ်ပင် အပြစ် ပေးလိုက်သည်ဟု အစိုးရ ထုတ်ပြန်သည်။
အစိုးရက ယခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးစီးသည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ကိစ္စများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် အခက်အခဲ ရှိသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇူလိုင်က ပြုလုပ်သည့် ယင်းကော်မတီ၏ အစည်းအဝေးတွင် ပြောခဲ့ဖူးသည်။
အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီအခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေ အနေသည် အဆင့်၁၇၂ တွင်ရှိနေရာ အဆိုးရွားဆုံး ငါးနိုင်ငံစာရင်းတွင် ပါ၀င်နေသည်။