ထားဝယ်- ထီးခီးယာဉ်လိုင်းအသစ်ထပ်တိုး

ထားဝယ်- ထီးခီးယာဉ်လိုင်းအသစ်ထပ်တိုး
by -
မဇ္ဈိမ

ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းနှစ်ခု လက်ရှိပြေးဆွဲလျှက်ရှိသည့် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း သို့တောင်ပေါ်သား ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းသစ်တစ်ခု ထပ်တိုးပြေးဆွဲလျှက်ရှိကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရသည်။

ဇူလိုင်လ တတိယအပတ်မှ စတင်ကာ စမ်းသပ်ပြေးဆွဲနေသည့် တောင်ပေါ်သားယာဉ်လိုင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သြဂုတ်လ ၂ ရက်တွင် ခွင့်ပြု ချက် ပေးလိုက်ပြီးဖြစ်ကြောင်း တောင်ပေါ်သား ယာဉ် လိုင်းတာဝန်ခံ ဦးသန်းနိုင်က ပြောသည်။

“တစ်နေ့ကို အနည်းဆုံး တစ်စီး ပုံမှန်ထွက်ပေးတယ်”ဟု ဦးသန်းနိုင်က ပြောသည်။ လက်ရှိတွင် စူပါကာစတန် အမျိုးအစား ကားငါးစီးနှင့် လိုက်အေ့စ်ကားအမျိုးအစား တစ်စီး စုစုပေါင်း ခြောက်စီးဖြင့် ပြေးဆွဲလျှက်ရှိပြီး နောက်ထပ် ကားများ ထပ်တိုးသွားရန်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ယာဉ်လိုင်းတွေ များလာတော့ လမ်းမှာ ကားအချင်းချင်း ကူညီဖေးမလို့ ရတာပေါ့”ဟု ရွှေမင်းသမီးယာဉ် လိုင်းတာဝန်ခံ ဦးမင်းအောင်က ပြောသည်။ တောင်ပေါ်သား ယာဉ်လိုင်းအနေဖြင့် အိမ်တိုင်ရာရောက် ကြိုပို့ပေးခြင်း၊ ခရီးသည်များအား လမ်းတွင် အအေးများ တိုက်ကျွေးခြင်း စသည့် ၀န်ဆောင်မှုများပေးမည် ဟု တောင်ပေါ်သားယာဉ်လိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်အပတ်က ထားဝယ်- မေတ္တာ လမ်းပိုင်းများ ရေလွှမ်းမိုးခံထားရသဖြင့် အနည်းငယ် ပျက်စီးနေ ပြီး မေတ္တာမှ ထီးခီးအထိ လမ်းခရီးမှာ မောင်းနှင်ရန် အဆင်ပြေသည်ဟု ယင်းယာဉ်လိုင်းက ပြောကြားသည်။

လက်ရှိတွင် ရွှေမင်းသမီး၊ စွမ်းသစ်၊ တောင်ပေါ်သား စသည့် ယာဉ်လိုင်းများ ပြေးဆွဲလျှက်ရှိပြီး ထားဝယ် - ထီးခီး ခရီးစဉ်ကို ပြေးဆွဲမည့် အောင်သာဂရ ယာဉ်လိုင်းအသစ် တစ်ခုလည်း ပြေးဆွဲရန်ရှိကြောင်း အဆိုပါယာဉ်လိုင်းမှ သိရသည်။

Most read this week