မိဘမဲ့ကလေးများကို မှတ်ပုံတင်လုပ်ပေးသည့်စနစ် ပြဿနာရှိနိုင်၍ လွှတ်တော်တွင် ဆွေးနွေးမည်

မိဘမဲ့ကလေးများကို မှတ်ပုံတင်လုပ်ပေးသည့်စနစ် ပြဿနာရှိနိုင်၍ လွှတ်တော်တွင် ဆွေးနွေးမည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် မိဘမဲ့ကလေးများကို နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးနေသည့် လက်ရှိစနစ်မှာ ရေရှည်တွင် ပြဿနာရှိလာနိုင် သောကြောင့် လွှတ်တော်တွင် အဆိုတင် ဆွေးနွေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သြဂုတ် ရ ရက်တွင် ဆုံးဖြတ်လိုက်သည်။

လက်ရှိပြုလုပ်ပေးနေသည့် စနစ်မှာ ယင်းကလေးများ၏ ဖခင်အမည် မသိသည့်အတွက် မှတ်ပုံတင်ပြု လုပ်ရာတွင် သက်ဆိုင်ရာ မိဘမဲ့ဂေဟာမှ ကျောင်းဆရာ၏ အမည်ကို ဖခင်အမည်နေရာတွင် ထည့်သွင်းခြင်းမှာ ရေရှည်တွင်ပြဿနာရှိနိုင်သောကြောင့် အဆိုတစ်ရပ် တင်သွင်းဆွေးနွေးရန် အမျိုးသား လွှတ်တော်အစည်း အဝေးတွင် ဥက္ကဋ္ဌက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မှတ်ပုံတင်ပြုလုပ်ရာတွင် ဖခင်အမည်မသိ၍ ကျောင်းအုပ်သို့မဟုတ် ဆရာတစ်ဦးဦး၏အမည် ထည့်သွင်းခြင်းမှာ အမွေစား၊ အမွေခံကိစ္စများ ရှိနိုင်သည့်အတွက် အသေးစိတ် စဉ်းစားရန်လိုအပ်သည်ဟု ဦးခင်အောင်မြင့် ကပြောဆိုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်တွင် ဦးခင်အောင်မြင့်က “မိဘမဲ့ကလေးများကို ကျောင်းဆရာတစ်ဦးက မွေးစားတဲ့ ဖခင်အမည်ခံ တယ် ဆိုတဲ့အခါကျတော့ မွေးစားခြင်းကလည်း ဥပဒေတစ်ရပ်နဲ့ သွားပြီး ငြိစွန်းနေတဲ့ ကိစ္စတွေ၊ နောင်ကိုလည်း အမွေစား အမွေခံ ကိစ္စတွေ အရှည်သဖြင့် ရှိနေတဲ့ အနေအထားတွေ ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုမယ်ထင်တယ်” ဟု ပြောခြင်းဖြစ်သည်။

ပြည်တွင်းရှိ မိဘမဲ့ကလေးများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန်၊ အလုပ်လျှောက်ရန်နှင့် ယာဉ်မောင်းလိုင်စင်များ လျှောက်ထားရာတွင် အခက်အခဲရှိနေ သောကြောင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေရသောကြောင့် သက်ဆိုင်ရာဌာနက လိုအပ်သည်များ လုပ်ဆောင်ပေးရန် ချင်းပြည်နယ်မှ လွတ်တော်အမတ် ဦးပေါလ်ထန်ထိုင်းက မေးခွန်းမေးမြန်းစဉ် ဦးခင်အောင်မြင့် က ယင်းသို့ဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။

ဦးပေါလ်ထန်ထိုင်း၏ မေးမြန်းချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ၂၀၁၁ ခုနှစ် မတ်လအတွင်းက စပြီး မိဘမဲ့ကလေးများကို ဖခင်နေရာတွင် ကျောင်းမှ ဆရာတစ်ဦးဦး၏ အမည်ကို ထည့်သွင်း၍ နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးနေသည်ဟု တုံ့ပြန် ဖြေကြားခဲ့သည်။

မိဘမဲ့ကလေးများကို ထိုနည်းလမ်းအတိုင်း နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ဖခင်အမည်၊ မိခင်အမည်သိမှ နိုင်ငံသားဖြစ်မှာလား။ နိုင်ငံ တွင်းမှာ မွေးဖွားတာကိုကော်မတီတစ်ရပ်ရပ်က အာမခံလို့ရှိရင် နိုင်ငံသားဖြစ်မှာလား။ လူမျိုးခွဲတဲ့အခါ မှာ ဘယ်လူမျိုးမှ ခွဲမှာလဲ။ ဘယ်ဘာသာ စကား တတ်တာလည်း အသေးစိတ် စဉ်းစားရမယ့် ကိစ္စတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်”ဟု သူက မှတ်ချက်ပြုသည်။

ထို့ကြောင့် ထိုကိစ္စကို ဆက်လက်ဆွေးနွေးပြီး အဆိုတစ်ရပ်တင်သွင်းရန် ၎င်းက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။