ကယား (ကရင်နီ) ပြည်နယ်တွင် ရှေ့ဆက် ပညာသင်ကြားနိုင်ရန်အတွက် အခွင့်အလမ်းနည်းသည့် လူငယ်များအတွက် Seh Theh Learning Centre(STLC) (ဆယ်သဲ သင်ယူလေ့လာရေးဆုံမှတ် ) ကျောင်းကို ဒီးမောဆိုမြို့ ရူးဖယ်ခူရပ်ကွက်တွင် ဖွင့်လှစ်လိုက်သည်။
ယခုလိုဖွင့်လှစ်လိုက်ရခြင်းသည် ကျောင်းဆက်မတက်နိုင်သည့်လူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုလွယ်ကူလာစေရန် ရည်ရွယ်ပြီးဖွင့်လှစ်ရခြင်းဖြစ်သည်ဟု (STLC) ကျောင်းမှ တာဝန်ခံ ဆရာမ မိမာက ပြောသည်။
ဆရာမမိမာက “အထူးသဖြင့် ဒီ ကျေးလက်တောရွာဒေသက လူငယ်လေးတွေပေါ့နော ရှေ့ဆက်ပညာ သင်ကြားနိုင်ဖို့အတွက်နောက်ပြီးတော့ အလုပ် အကိုင်တွေပိုမိုရရှိလာရေးအတွက် အဓိက ရည်ရွယ်ပြီးတော့ ဖွင့်ထားတာဖြစ်ပါတယ်” ဟုပြောသည်။
ကျောင်းစတင်ဖွင့်လှစ်သည့် သြဂုတ်လ ၅ ရက်နေ့တွင် ကျောင်းသားမိဘများနှင့်အတူ ကျောင်း အပ်နှံခြင်း ပြုလုပ်ခဲ့ကြသည်။
၎င်းကျောင်းသို့ တက်ရောက်ရန် ဝင်ခွင့်လာရောက် လျှောက်ထားကြရပြီး ရေးဖြေနှင့် နုတ်ဖြေ စာမေးပွဲဖြေဆို အောင်မြင် သူများဖြစ်ကြသည့် ကျောင်းသား စုစုပေါင်း လူဦးရေ ၄၀ ဦးဖြင့် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများ၊ ကျောင်းဆက်မတက်နိုင်သူများနှင့် တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီး တခြားတက္ကသိုလ်သို့ ဆက်မတက်နိုင်သူများက လာရောက်ဖြေဆိုခဲ့ကြသည်ဟုသိရသည်။
ယခုဖွင့်လှစ်လိုက်သည့် (STLC) ကျောင်းသည် ထိုင်း၊မြန်မာနယ်စပ် ဒုက္ခသည်စခန်းအတွင်းရှိ KnCC (Karenni Community College) ကျောင်းခွဲလည်းဖြစ်သည်။
“ကျနော်တို့သိထားတာက ကျနော်တို့ ကယားလူမျိုးတွေ ပြန်လာဖွင့်တဲ့ကျောင်း ဖြစ်တယ်။ အဲဒီတော့ ကျနော်လည်း သူများပြောပြပေးလို့ လာကြည့်ပြီး ကလေးကို လာရောက်အပ်နှံပေးတာ ဖြစ်ပါတယ်။" ဟု ၀ီးသဲကူးရွာမှ ကျောင်းသားမိဘတဦးဖြစ်သည့် ဦးညေးရယ်က ပြောသည်။
ထို့အပြင် STLC ရဲ့ ကျောင်းသားတဦးဖြစ်လာမယ် ခူးကျားရယ်ကလည်း.. “အရင် ကျောင်းတက်တုန်းကတော့ ကျနော်တို့မှာ မပြည့်စုံခဲ့ဘူး။ အဆင်မပြေခဲ့ဘူး။ အခုတော့ သူများတွေ ခုလိုပြန်လာဖွင့်ပေးတဲ့အတွက် ကျနော်တို့အတွက် ပျော်တယ်။ ကွန်ပြူတာ၊ အင်္ဂလိပ်စာ စတာတွေလည်း အစုံသင်ပေးတဲ့အတွက် ကျနော်တို့ မျော်လင့်ထားတာလည်းကြာပြီလေ။ ခုလိုဖွင့်ပေးလိုက်တဲ့အတွက် ကျနော်တို့စိတ်ထဲမှာ ပျော်တာပေါ့။ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။
ယခု စတင်ဖွင့်လှစ်သည့် စာသင်နှစ်မှာတော့ ယခုလမှ မတ်လအထိဖြစ်ပြီး လာမည့်နှစ်တွင် စာသင်နှစ်နှင့် ဘာသာရပ်များ ထပ်မံတိုးချဲ့ရန် အစီအစဉ်ရှိသည်ဟု သိရသည်။
လက်ရှိတွင် STLC ကျောင်းမှာ KNPP လက်အောက် ပညာရေးဌာနမှ ဦးဆောင် လုပ်ကိုင်လျှက်ရှိပြီး ပြည်နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးသော်လည်း ပြည်နယ်အစိုးရနှင့် KNPP တို့အကြား သဘောတူညီချက်အရ ယခုလို ဖွင့်လှစ်ရန် သဘောတူထားကြောင်း သိရသည်။