မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားနေသည့် Thai Action Committee for Democracy in Burma (TACDB)အဖွဲ့က ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပရာ စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်ရန် အခြေအနေမကောင်းသေးဟု TBBC က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလဲလာပြီဆိုပေမဲ့ အခုအချိန်ထိ စစ်ပြေးဒုက္ခသည်တွေ နေရပ် ပြန်ဖို့ အခြေအနေ မကောင်းသေးဘူး။ မြန်မာအစိုးရကလည်း လက်ခံဖို့ အဆင်သင့်မဖြစ်သေးသလို ထိုင်းအစိုးရ ဘက်ကလည်း နေရပ်ပြန်ဖို့ ဖိအားမပေးသေးဘူး။ အခုအခြေအနေကိုကြည့်ရင် အပစ်ရပ် ပေမဲ့မငြိမ်းချမ်း သေးဘူး” ဟု နယ်စပ်ဒုက္ခသည်များကို ကူညီပေးနေသည့် TBBC အဖွဲ့မှ Sally Thompson က ပြောပါသည်။
ယခုအခါ နယ်စပ်၌ စစ်ပြေးဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည် ၁၂၈,၀၀၀ ဦးရှိကြောင်း၊ တတိယနိုင်ငံ သို့ ထွက်ခွာသွားသော စစ်ပြေးဒုက္ခသည်မှာ ၈၀,၀၀၀ ဦးရှိပြီဖြစ်ကြောင်း ဆိုပါသည်။
Thai Action Committee for Democracy in Burma(TACDB) က ၂၅ နှစ်ပြည့်(ငွေရတု) ရှစ်လေးလုံး အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Student Christian Center တွင် ဩဂတ်စ်လ ၄ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ ကျင်းပခဲ့သည်။ ကရင်၊ မွန်၊ သျှမ်းတိုင်းရင်းသား လူငယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
“၁၉၈၈ တုန်းက သပိတ်မှောက်ကျောင်းသားတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြပြီး လက်နက်ကိုင် တော်လှန်ခဲ့ကြတယ်။ ကျောင်းသားတွေက ၁၈ နှစ် မပြည့်ကြသေးတော့ ဒီခေတ်အရဆိုရင် ကလေးစစ်သား တွေပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ရွေးစရာလမ်းမှ မရှိတာ။ မပြေးရင်လည်း ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရ မှာလေ” ဟု TBBC ဒု-ညွှန်ကြားရေးမှူး ဦးမြင့်ဝေ က ပြောပါသည်။
၁၉၈၈ ဩဂတ်စ်လ ၈ ရက်၌ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီး ဦးနေဝင်း စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရှစ်လေးလုံးအရေးအခင်း၌ လူပေါင်း ၃၀၀၀ ခန့်သေဆုံးခဲ့ သည်ဟု Human Rights Watch (HRW)က ပြောပါသည်။ မြန်မာပြည်တွင်း၌ ရှစ်လေးလုံး အခမ်းအနားကို ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် ခမ်းခမ်းနားနား ကျင်းပခွင့်ရခဲ့သည်။