စစ်ရေး သတိရှိကြရန် KNPP ၏ တပ်မှူး ညီလာခံက တပ်လှန့်

စစ်ရေး သတိရှိကြရန် KNPP ၏ တပ်မှူး ညီလာခံက တပ်လှန့်
by -
ရွှေဟင်္သာ

နှစ်ရက်တာ ကျင်းပ ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ အရေးပေါ် တပ်မှူး ညီလာခံတွင်  စစ်ရေး သတိ ရှိကြရန် တပ်လှန့် ကာ အဆုံးသတ်ခဲ့သည်ဟု KNPP ဥက္ကဌ အေဘွယ်တွိက ဆိုပါသည်။

“ ညီလာခံကို တပတ်လောက် လုပ်ဖို့ လျာထားခဲ့တယ်။ ဒါပေမဲ့ သြဂုတ် (၅-၆) နှစ်ရက်ထဲနဲ့ ဖြတ်လိုက်တယ်။ ညီလာခံ ကတော့ မလုပ်တာ ကြာပြီး စစ်ရေး အရ တပ်လှန့် သတိပေးတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး အခြေအနေတွေကို ပြန်လည် သုံးသပ် ခဲ့တာပါဘဲ” ဟု ဆိုပါသည်။

ညီလာခံမှ အပစ်အခတ် ရပ်စဲရေး အခြေအနေကို သုံးသပ်ရာတွင် KNPPနယ်မြေထဲသို့ အစိုးရ တပ်ဖွဲ့များမှ အင်အားဖြည့် တင်းနေပြီး လှုပ်ရှားမှု များလာသည့် အခြေအနေ၊ သဘော တူညီချက်အရ အစိုးရတပ်များ တပ်ရုတ်သိမ်းပေးခြင်း မရှိသည့် အခြေအနေ၊ လူထုမြေယာများ သိမ်းဆည်း ခံနေရမှု အပေါ် ကန့်ကွက် ထားမှု အခြေအနေနှင့်၊ အစိုးရဖက်မှ စစ်သင်တန်း တိုးချဲ့ နေမှုများနှင့် မကြာမှီ ပြီးဆုံးသွားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ တိုင်းရင်း ညီလာခံ ဆုံးဖြတ်ချက် အခြေအနေ များကို တင်ပြ ခဲ့ကြပါသည်။

အစိုးရ တပ်များသည် ၄င်းတို့ သဘောတူ ထားသော အချက်များကို အကောင်အထည်မဖေါ်ဘဲ လက်တွေ့ ကျင့်သုံး နေသော လုပ်ရပ်များကြောင့် KNPP အနေနှင့် သတိထားရမည့် အခြေအနေတွင် ရှိနေခြင်းကြောင့် တပ်လှန်ခဲ့ရသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် KNPP အနေဖြင့် နယ်မြေ စိုးမိုးရေးအတွက် စစ်ရေးအရ ပိုမို လှုပ်ရှား သွားရန် လိုအပ် လာနေပြီး၊ လူထု စည်းရုံး ရေးအတွက် တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း တိုက် နည်းဗျူဟာဖြင့် ဆောင်ရွက် ခဲ့ရကြောင်း ဆိုပါသည်။

KNPP ညာမို ဗဟိုစခန်းတွင် ကျင်းပခဲ့သော တပ်မှူး ညီလာခံသို့ ဒုဗိုလ်အဆင့်မှစပြီး တပ်မှူး ကိုယ်စားလှယ် (၁၀၀) ကျော် တက်ရောက် ခဲ့ပါသည်။ ဤညီလာခံကို လာမည့် သြဂုတ်လ (၉) ရက်နေ့တွင် ကျရောက်သော ကရင်နီ ခုခံတော်လှန် ရေးနေ့ အခမ်းအနားဖြင့် အဆုံးသတ်မည်ဟု မူလက ရည်ရွယ် ထားသော်လည်း လုပ်ငန်းစတင်ရန် အချိန် နည်းပါး လာခြင်းကြောင့် နှစ်ရက်ဖြင့် အဆုံးသတ် လိုက်ခြင်းဖြစ်ပါသည်။

အစိုးရသည် KNPP အား ပြည်ထောင်စု အဆင့်ဖြင့် နှစ်ကြိမ်တိုင် ဆွေးနွေး ခဲ့သော်လည်း မည်သည့် အကောင်အထည် ဖေါ်မှုမျှ မရှိခဲ့ပေ။ လမ်းဖေါက် လုပ်ခြင်း၊ နယ်စပ် စီးပွားရေး လမ်းကြောင်းများ ဖေါ်ထုတ်ခြင်း၊ ဒုက္ခသည် ပြန်လည်နေရာ ချ ထားရေးကိစ္စများ၊ တပ်နေရာ ချထားရေး ကိစ္စ စသဖြင့် KNPP နှင့် သဘော တူထား ခဲ့သည်ဟုဆိုပါသည်။

KNPP သည် အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် တကြိမ်နှင့် ၂၀၁၂ ခုနှစ် မတ်လတွင် တကြိမ် နှစ်ကြိမ်တိုင် အပစ်အခတ် ရပ်စဲခဲ့ပြီး ပထမအကြိမ် အပစ်အခတ် ရပ်စဲမှုတွင် (၃) လမျှသာ ကြာခဲ့ပါသည်။