မကြာမီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်အား ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့မှုအပေါ် ပယ်ဖြတ်ပေးရန် ယနေ့ ဗုဒ္ဓဟူးနေ့မှာ အယူခံမှုအား ပလပ်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။
ဦးဘရန်ရှောင်အား မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည့်အပေါ် တရားဥပဒေနှင့် ကိုက်ညီမှု မရှိသဖြင့် သူအား တရားသေလွှတ်ပေးပါရန် မြစ်ကြီးနားခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ရာ တရားသူကြီး ဦးနေမင်းဦးက ပလပ်လိုက်ခြင်း ဖြစ်သည်။
“သူ့ကို အမိန့်ချမှတ်ထားတာက တရားဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး။ အကြောင်းအချင်းအရာအရလည်း မကိုက်ဘူး။ တရားသူကြီး တယောက်အနနဲ့ ဆင်ခြင်တုံတရား မရှိဘူး။ တရားမျှတတဲ့ တရားစီရင်မှု ကွဲလွဲနေတယ် ဆိုတာတွေနဲ့ ဦးဘရန်ရှောင်ကို လုံးဝ တရားသေ လွတ်ပေးဖို့ လျှောက်ထားတာ။ လျှောက်လဲချက်ကို ကျနော်ကို ဖတ်ပြီးနောက် တခြားဘာမှလည်း မပြောဘူး။ အချင်းနှီးပလပ်လိုက်တယ်လို့ဘဲ ပြောတယ်”ဟု ရှေ့နေ ဦးဂျီမာခံက ပြောသည်။
မြစ်ကြီးနားခရိုင် တရားရုံးက ပလပ်လိုက်သော်လည်း မကြာမီ ပြည်နယ်တရားလွတ်တော်သို့ ဆက်လက် အယူခံသွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။
လာမည့် တနင်္လာနေ့မှာ ဂျန်မိုင်ကောင်း စစ်ပြေးဒုက္ခသည်စခန်းတွင် ဦးဘရန်ရှောင်နှင့် ပတ်သက်၍ ဆုတောင်းပွဲနှင့်အတူ လူထုရှင်းလင်းပွဲ ကျင်းပမည် ဖြစ်ကြောင်း ရှေ့နေက ပြောသည်။
ဦးဘရန်ရှောင်အား ဗုံးဖောက်ခွဲမှုဖြင့် ဖမ်းဆီးပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲကာ မတရားအသင့်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး တပတ်အကြာ ဇူလိုင်လ ၂၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းမှ ဖောက်ခွဲမှုဖြင့် အမှတ် (၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒုရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခံခဲ့သည်။