ကယားပြည်နယ် ဒီးမောဆိုမြို့ရှိ မြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်လိုက် တာဝန်ရှိသူများ ထူလွီးဗီလာ ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းချသူဟု ယူဆရသူ ၂ ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ၁၈၃ပြားနှင့် ငွေကျပ် ၅ သိန်းကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ကယားပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးနေထွန်း၏ ညွန်ကြားချက်အရ သက်ဆိုင်ရာ ဒီးမောဆိုမြို့နယ် ရဲစခန်းမှ ဒုရဲမှူး ဦးမြအောင် အပါအဝင် စခန်းမှ တာဝန်ရှိသူများ သည် မူးယစ်ဆေးဝါး ရှာဖွေဖမ်းဝရမ်း အမှတ် (၃/၂၀၁၃)ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့က ဒီးမောဆိုမြို့နယ် ထူလွီးဗီလာ ကျေးရွာ ရှိ အိမ်အမှတ် ထ/၃၄ တွင် ဒေါ်မူကရမ်း ပိုင်ဆိုင်သည့် လူမနေသည့်အိမ်တွင် မောင်အဗရာဟန် အသက် ၂၅ နှစ် (အဘ ဦးအေဒကိုခူး၊ မှတ်ပုံတင် အမှတ် ( ၂/ ဒမဆ (နိုင်) ၀၄၂၈၆၃ ) ) ထံမှ wy စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ပြား အလေးချိန် ၁.၁ ဂရမ် နှင့်အတူ တွေ့ရှိဖမ်းဆီးခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိသူများမှ ၀င်ရောက်ဖမ်းဆီးစဉ်တွင် မောင်အဗရာဟန် ၀တ်ဆင်ထားသော အပြာခင်း လုံချည် ခါပေါင်စ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ကို အဖြူရောင်ပလပ်စတစ်ဖြင့် ထုပ်ထားပြီး ၎င်း ဆေးပြားကို ထူလွီးဗီလာကျေးရွာနေ ဦးဖိလစ်ထံမှ တပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သတင်းရရှိသည်။
အလားတူ ထိုနေ့အတွင်းတွင်ပင် ဒီးမောဆိုမြို့ ဒေါငံခါး ကျေးရွာ အိမ်အမှတ် ခ / ၃၅ ၂ ရက်ကွက်တွင် မူးယစ်ဆေးဝါးရှာဖွေဖမ်း ၀ရမ်း ၄/ ၂၀၁၃ ဖြင့် ဦးသန်းအောင် (အသက် ၅၀ နှစ်၊ အဘ ဦးလဥ၊ မှတ်ပုံတင် အမှတ် ၂/ဒမဆ(နိုင်)၀၄၀၀၈၈) အားနေအိမ်၌ wy စာတမ်းပါ အပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြား နှင့် အစိမ်းရောင် wy စာတမ်းပါ ဆေးပြား ၂ ပြား စုစုပေါင်း ဆေးပြား ၁၇၂ ပြား (အလေးချိန် ၁၇.၂ ဂရမ်) အပြင် မူးယစ်ဆေး ၀ါးရောင်းချခြင်းမှရရှိသည်ဟု ယူဆရသော ငွေ ၅သိန်း ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးသုံးစွဲသူ နှင့် ရောင်းချသူများ ဟုယူဆရသော ဒီးမောဆိုမြို့နယ် ဒေါကလောဒူရွာနေ မောင်းအဗရာဟန်၊ ထူလီးဗီလာ ကျေးရွာနေ မူးယစ်ဆေးဝါးရောင်းချသူ ဦးဖိလစ်အပြင် ဒေါငံခါးကျေးရွာနေ ဦးသန်းအောင်တို့အား ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိနေကြာင်း သိရပါသည်။