အပစ်အခတ် ရပ်စဲရေး အခြေအနေသုံးသပ်ဖို့ KNPP အရေးပေါ် တပ်မှူး အစည်းအဝေး ကျင်းပ

အပစ်အခတ် ရပ်စဲရေး အခြေအနေသုံးသပ်ဖို့ KNPP အရေးပေါ် တပ်မှူး အစည်းအဝေး ကျင်းပ
by -
ရွှေဟင်္သာ

အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်သည့် အနေဖြင့် အရေးပေါ် တပ်မှူး အစည်းအဝေး တရပ်ကို ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ ညာမိုဗဟို ဌာနချုပ် တွင် ယမန်နေ့ကစပြီး တပတ်ကြာ ကျင်းပကြမည်ဟု အစည်းအဝေး တက်ရောက်သည့် KNPP တပ်မှူး တဦးက ဆိုပါသည်။

knpp8701

“ ဥက္ကဌ အေဘွယ်တွိ ကိုယ်တိုင် တက်ရောက်ပါတယ်။ အဓိကကတော့ အစိုးရနဲ့ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး အခြေအနေတွေကို ပြန်လည် သုံးသပ်ဖို့ ဖြစ်ပါတယ်။ တိုးတက်မှု မရှိတာတော့ သေချာပါတယ်။ ဒါပေမဲ့ အဲဒီအပေါ် ဘယ်လိုသဘော ထားရမလဲပေါ့ အဲဒါတွေကို စဉ်းစား ဆုံးဖြတ် ရမယ်လေ” ဟုဆိုပါသည်။

KNPP နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲနိုင်ခဲ့ကြပြီး သဘော တူညီချက်ပေါင်း (၈)ချက်ဖြင့် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို နှစ်ကြိမ်တိုင် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါသည်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးမှ တပါး မည်သည့် သဘော တူညီချက်ကိုမှ အကောင်အထည် ဖေါ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း ဆိုပါသည်။

ထို့အပြင် အစိုးရ တပ်ဖွဲ့များသည် KNPP နှင့် သဘော တူထားသော ကိစ္စနှင့် လုပ်ငန်းများကိုပါ အကြောင်းကြားခြင်း မရှိဘဲ လုပ်ဆောင် လာနေကြပါသည်။ ဤကဲ့သို့သော လုပ်ရပ်များထဲတွင် ကားလမ်း ဖေါက်လုပ်ခြင်း၊ စစ်ရေး အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စစ်အင်အား တိုးလာခြင်း နှင့် စစ်ရေး လှုပ်ရှားမှုများ အကြိမ်ကြိမ် များလာသည်ကို တွေ့ရှိခဲ့ရ သည်ဟု ဆိုပါသည်။

ဤသို့ကြောင့် အစိုးရ၏ စစ်ရေး လှုပ်ရှားမှုများကို ထောက်ရှုခြင်း အားဖြင့် KNPP တပ်မှူးများ အရေးပေါ် အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

KNPP တွင် နယ်မြေ အုပ်ချုပ်ရေး (လုံခြုံရေး) တပ် နှင့် တိုက်ခိုက်ရေး တပ်ဖွဲ့များ (အမြဲတမ်းတပ်) ဟူ၍ နှစ်ပိုင်း ရှိပါသည်။ တိုက်ခိုက်ရေး တပ်များကို စစ်ဗျူဟာများဖြင့် စီမံ အုပ်ချုပ်ပြီး၊ အုပ်ချုပ်ရေး တပ်များကိုမူ ဒေသခံပျောက်ကျား တပ်များဖြင့် အုပ်ချုပ်ပါသည်။ အမြဲတမ်း တပ်အင်အားတွင် တပ်ရင်းပေါင်း (၆) ရင်းခန့် ရှိပြီး တပ်ခွဲပေါင်း (၂၀) ခန့်ဖြင့် တပ်ဖြန့် ထား သည်ဟု ခန့်မှန်းကြပါသည်။

အထူးသဖြင့် ဒီမောဆိုး၊ ဖရူးဆိုး၊ ရှားတော၊ ဘောလခဲ နှင့် ဖါးဆောင်းမြို့နယ် များ၌လှုပ်ရှားနေပါသည်။ တောတောင် ထူထပ်သော ကယားပြည်နယ်သည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး သယံဇာတ ပေါကြွယ် ၀သော ပြည်နယ်ဖြစ်ပါ သည်။

KNPP သည် ၁၉၄၈ ခုနှစ်တွင် ကရင်နီ အမျိုးသား လွတ်မြေက်ရေး အတွက် စတင် တော်လှန်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ပထမ အကြိမ် အပစ်အခတ် ရပ်စဲခဲ့ဘူးပါသည်။ သို့သော် (၃) လတာသာ ကြာပြီး အစိုးရ တပ်ဖွဲ့များ၏ ပြန်လည် စစ်ဆင်ခြင်းကို ခံခဲ့ရပါသည်။ ယခု ရရှိထားသော အပစ်အခတ် ရပ်စဲရေးသည်လည်း အသုံးချ ခံရမည့် အပစ်ရပ်ရေးသာ ဖြစ်ဖွယ်ရှိ သည်ဟု ခံယူထားကြပါသည်။