ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်းအရေး ဒေသခံများနှင့် တရုတ်ကုမ္ပဏီကြား မကျေလည်သေး

ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်းအရေး ဒေသခံများနှင့် တရုတ်ကုမ္ပဏီကြား မကျေလည်သေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ပိုက်လိုင်းနှင့် ပတ်သက် ၍ဒေသခံများနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) တို့အကြားတွင် ယခုအချိန်အထိတိုင် ကျေလည်မှု မရသေးသဖြင့် ထိုကိစ္စများနှင့်ပတ်သက်၍ တောင်းဆိုချက်များ CNPC ထံ ဒေသခံတို့က ပေးပို့ထားသည်။

၁၅ ရက်အတွင်း တောင်းဆိုချက်များ မတုံ့ပြန်လျှင် ဆန္ဒပြမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ပိုက်လိုင်းနှင့် ပတ်သက် ၍ဒေသခံများနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) တို့အကြားတွင် ယခုအချိန်အထိတိုင် ကျေလည်မှု မရသေးသဖြင့် ထိုကိစ္စများနှင့်ပတ်သက်၍ တောင်းဆိုချက်များ CNPC ထံ ဒေသခံတို့က ပေးပို့ထားသည်။

ယခုကိစ္စကို ကျောက်ဖြူမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။ ကျောက်ဖြူဒေသမှ ကျေးရွာ ၂၃ ရွာမှ ရွာသားများက ၎င်းတို့၏ တောင်းဆိုချက်များကို CNPC ဘက်မှ ၁၅ ရက်အတွင်း မတုံ့ပြန်ပါက ဆန္ဒပြကြမည်ဟုလည်း ၎င်းတို့က ပြောသည်။

ဒေသခံတို့ တောင်းဆိုထားသည်မှာ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်နေသည့် မြေယာပြဿနာများ ဖြေရှင်းပေးရန်၊ ကျေးရွာဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ပေးရန်၊ လျှပ်စစ်မီးသွယ်တန်းပေးရန်နှင့် ပိုက်လိုင်းတစ်လျှောက် ကျေးရွာများ၌ ကျန်းမာရေးဆေးခန်း၊ စာသင်ကျောင်းနှင့် သောက်ရေကန်များ တည်ဆောက်ပေးရန်တို့ ဖြစ်ကြောင်း ၎င်းတို့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ သြဂုတ် ၂ ရက်က ပေးပို့သည့် တောင်းဆိုစာတွင် တွေ့ရသည်။

ကျောက်ဖြူမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကော်မတီဝင် ကိုမောင်အေးက “CNPC က သိမ်းဆည်းခဲ့တဲ့ မြေတချို့အတွက် လျော်ကြေးပေးခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဓားမဦးချ လုပ်ကိုင်လာခဲ့တဲ့ တောင်သူတွေကို အထောက်အထားမပြနိုင်ရုံနဲ့ဘဲ ဘာလျော်ကြေးမှ မရခဲ့ကြဘူး။ နစ်နာကြေးပေးတဲ့နေ ရာမှာလည်း ပိုက်လိုင်းလမ်းကြောင်းအတွက်ပဲ ပေးတယ်။ တကယ်တမ်း ဖောက်လုပ်တဲ့အခါ သူတို့ သိမ်းမထားတဲ့မြေတွေ တစ်ဖက်တစ်ချက် ပေ ၅၀ လောက် ပိုက်လိုင်းတစ်လျှောက် ပျက်စီးသွားခဲ့ရတယ်။ ဒီ အပေါ်မှာ CNPC က တောင်သူတွေကို နစ်နာကြေးပေးဖို့ ပျက်ကွက်ခဲ့တယ်”ဟု အခြေအနေကို ရှင်းပြသည်။

သူက “နိုင်ငံတကာမှာ စီးပွားရေးလုပ်နေကြတဲ့ ကုမ္ပဏီတွေဟာ သူတို့စီမံကိန်း မစခင်မှာဘဲ ဒေသဖွံ့ဖြိုးရေးကို လုပ်ပေးခဲ့ကြတယ်။ ဒီမှာက တည်ဆောက်ရေးလုပ်ငန်းပြီးလို့ ဂက်စ်တောင် လွှတ်နေပြီ၊ ဒေသဖွံ့ဖြိုးရေးမပြောနဲ့လျော်ကြေးတောင် ပြည့်ပြည့်စုံစုံမပေးသေးဘူး။ ဒါကြောင့် ဒီလိုလှုပ်ရှားမှုမျိုးတွေ ပေါ်လာခဲ့ရတာဖြစ်တယ်” ဟုလည်း ဆက်ပြောသည်။

ဒေသခံတို့၏ တောင်းဆိုစာ လိပ်မူပေးပို့ထားသည့် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက တောင်းဆိုစာ သူ့ထံ ရောက်ရှိနေပြီဖြစ်ကြောင်း အတည်ပြု ပြောကြားပြီး “အထက်ကို တင်ပြပြီးတော့မှ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါခင်ဗျ”ဟု မဇ္စျိမကို ပြောသည်။

အခြားတစ်ဖက်တွင်မူ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် CNPC က မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးထားကြောင်း မဒေးကျွန်းရှိ CNPC ရုံးမှ စီမံကိန်းမန်နေဂျာ Mr. Chang Huan Lai က ပြီးခဲ့သည့် နှစ် ဒီဇင်ဘာက မဇ္စျိမကို ပြောကြားထားသည်။

ထို့ပြင် အစိုးရကလည်း ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းအတွက် မြန်မာနိုင်ငံရရှိသည့် ဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ အနက် ငါးပုံတစ်ပုံပမာဏဖြစ်သော ကုဗပေ သန်း ၂၀ ကို ကျောက်ဖြူမြို့နယ်အတွက် နေ့စဉ် ခွဲတမ်းပေးကြောင်း ဇူလိုင် ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ပိုက်လိုင်းသွယ်တန်းရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန်နှင့် မြေယာ လျော်ကြေးကိစ္စ အကျေအလည် ရှင်းပေးရန် ဒေသခံတို့၏ ဆန္ဒပြ တောင်းဆိုမှုများလည်း ရှိနေပြီး၊ ထိုကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကိုလည်း ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် အာဏာပိုင်များက တရားစွဲဆိုထားသည်။

ယခုကဲ့သို့ ဆန္ဒပြမှုများ၊ ကန့်ကွက်မှုများရှိနေသော်လည်း အစိုးရကမူ ဇူလိုင် ၁၅ ရက်ကတည်းက တရုတ်နိုင်ငံသို့ စတင် ဓာတ်ငွေ့ပို့လွှတ်ပေးခဲ့ပြီး ဇူလိုင် ၂၈ ရက်က ဓာတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲ ပြုလုပ်ပေးခဲ့သည်။

Most read this week