ကရင်နီဒုက္ခသည် ၃၀၀၀၀ ပြန်ပို့မည့်သတင်းမဟုတ်မမှန်ကြောင်း KnRC ပြော

ကရင်နီဒုက္ခသည် ၃၀၀၀၀ ပြန်ပို့မည့်သတင်းမဟုတ်မမှန်ကြောင်း KnRC ပြော
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်များကို မကြာခင် နေရပ်ရင်းသို့ ပြန်လှည်ပို့ဆောင်မည်ဟု ဒုက္ခသည်များဆိုင်ရာ ထိုင်းကော်မီတီမှ ရရှိထားသည့် သတင်းအချက်အလက် မမှန်ကန်ကြောင်း ကရင်နီဒုက္ခသည် ပင်မကော်မီတီ KnRC ကပြောပါသည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အကြားအပစ်ခတ်ရပ်ဆွေးနွေးမှု တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထက် တိုးတက်မှုရှိနေသည်ဆိုသည့် သတင်းများထွက်ပေါ်နေချိန်မှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နယ်စပ်ဒေသတွင် ရာယီခိုလုံနေကြသည့် ဒုက္ခသည်များအား နေရပ်ရင်းသို့ပြန်ပို့ နိုင်တော့မည် ဆိုသည့်သတင်းအချက်အလက်များကို Thai Committee for Refugee မှရရှိထားခြင်းဖြစ် ကြောင်း  ဟုဆိုသည်။

 “ဒုက္ခသည်တွေပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ UNHCR လည်းအဲ့လိုဘဲပြောတာဘဲကော၊ လောလောဆယ် ထိုင်းအစိုးရ လည်းဘဲ ပြန်မပို့ဖို့ အတင်းအဓ္ဓမပေါ့နော်၊ ဒါပေမဲ့ သူတို့တွေကအဆင်ပြေတယ်လို့ထင်မှာပေါ့ အပေါ်ယံအားဖြင့် တကယ့် တကယ်ကျတော့  ငြိမ်းချမ်းရေးအတွက်ပြန်လည်တွေ့ဆုံခြင်းလုပ်တဲ့ KNPP ကိုယ်တိုင်ကလည်း အခြေအနေကတော့ မကောင်းသေးဘူးလို့ ပြောတယ်၊ တောင်းဆိုချက်တွေက လည်းဘာ တစ်ခုမှ  တိုးတက်မှုမရှိသေးဘူး။” ဟု KnRCဥက္ကဌ ဆရာမန်းစောကပြောသည်။
 
နယ်စပ်တစ်လျောက်ရှိ စခန်းအခြေစိုက်အဖွဲ့အစည်း(CBOs)များ၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်နှင့် ဒုက္ခသည်များဆိုင်ရာထိုင်းကောမီတီအားဖိတ်ခေါ်၍ ဇူလိုင်လ ၂၄ မှ ၂၅ ရက်နေ့ထိ ထိုင်းနိုင် မဲ့ဆောက်မြို့တွင် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူ(Burma partnership)မှဦးဆောင်၍ တွေ့ဆုံဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့ပါသည်။

ကရင်နီဒုက္ခသည်များပြန်ပို့မည်ဆိုသည့်သတင်းနှင့်ပါတ်သက်၍ ဒုက္ခသည်များဆိုင်ရာထိုင်းကော်မီတီမှ ဒါရိုက်တာလည်းဖြစ် ထိုင်းအမျိုးသားလူ့အခွင့်အရေးဆိုင်ရာအထူး ကျွမ်းကျင်သူလည်းဖြစ်သည့် Mr.Veerawit Tianchainan တွေ့ဆုံဆွေးနွေးပွဲမှာ ယခုလိုပြောပါသည်။

 “ကရင်နီ ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ကြားထားတာရှိတာပေါ့နော။ KnPP နှင့် မြန်မာအစိုးရတို့ရဲ ့ ငြိမ်းချမ်းရေးဆွေးနွေးမှုက တခြား လက်နက်ကိုင်တိုင်းရင်သား အဖွဲ့အစည်းအားလုံး ထက်ပိုပြီးတော့ ညှိနှိုင်မှု အဆင်ပြေတယ်လို့ပြောသံကြားတယ်။ ပြီတော့ မြန်မာအစိုးရဘက်က လည်း KnPP အစိုးရအပေါ်သဘောထား ပျော့ပျောင်းမှုတွေ ရှိနေတယ် နောက်ပြီး မကြာခင်ကရင်နီဒုက္ခသည် ၃၀၀၀၀ လောက်ကိုလည်းပြန်ပို့တော့ မယ်လို့ ကျနော်တို့ကြားပါတယ်”

KNPP နှင့်အစိုးရတို့ အပြစ်အခတ်ရပ်စဲရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေသည် တိုးတက်ကောင်းမွန်မှုရှိသည်ဟု ဆိုရသော်လည်း KNPPဘက်မှတင်ပြထားသည့် အချက် ၂၀ထဲမှ ၁၄ချက်ကိုသာ နှစ်ဘက်သဘော တူညီချက်များ ရရှိပြီး စစ်ရေးကိစ္စရပ်များဖြစ်သည့်  ကျန်အချက် ၆ချက်မှာမူ သသောတူညီမှုယနေ့ ထိမရရှိသေးကြောင်း KnRCမှ  အစည်းအဝေးသို့ရှင်းပြခဲ့သည်။ ထိုအစည်းအဝေးသို့ KnRCအပါအဝင် ကရင်နီလူမှုအခြေပြုအဖွဲ့အစည်းများဖြစ်သည့် ကရင်နီအမျိုးသမီး အစည်းအရုံး    KNWO လည်းတက်ရောက် ခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ရှိ တပ်နယ်ခန်းမမှာ KNPPနှင့် အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအပြီး ထွက်လာသည့်သဘောတူညီချက်များအရ ပြည်တွင်း IDPs များ ပြန်လည်နေရာချထားမည့်နေရာတွင် မြေမြှပ်မှိုင်း ရှင်းလင်းရေးကိစ္စကို  နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက် သွားကြရမှာဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ရှားတောမြို့နယ်၊ ဒေါတခဲဒေသတွင် ပြန်လှည်နေရာချထားရန် အတွက် စံပြစီမံကိန်း နမူနာတခု ကို နှစ်ဘက် ညှိနှိုင်းဆောင် ရွက်သွားကြမည်ဖြစ်သည်။

ထိုကိစ္စများအကောင်အထည်ဖေါ်နိုင်ရန်အတွက် နှစ်ဘက်အဖွဲ့မှ Technical Team များဖွဲ့စည်းရန်လိုအပ် သေးသည့်အတွက် ဒုက္ခသည်ပြန်လှည်အခြေအချနေထိုင်ရေးအစီအစဉ်သည် အစုလိုက်အပြံုလိုက်ပြန်မည် မဟုတ်ဘဲအဆင်သင့်ရှိသည့်သူများကိုသာ စံပြနမူနာရွာလေးများဖြင့် တဆင့်သွားရမည်ဖြစ်သည်။

လက်ရှိကရင်နီဒုက္ခစခန်းနှစ်ခုဖြစ်သည့် စခန်းအမှတ်(၁) တွင် လူဦးရေသည်(၁၂၆၇၈) ဦးရှိပြီး စခန်းအမှတ်(၂) တွင် လူဦးရေမှာ(၃၄၀၉) ဦးရှိကာ စခန်းနှစ်စခန်းလုံး၏လူဦးရေ  စုစုပေါင်းမှာ(၁၆၀၈၇) ဦးဖြစ်ပါသည်။