ရန်ကုန်မြို့ရှိ ပုဇွန်တောင် ချောင်းဝ၌ နစ်မြုပ် နေသည့် ဓမ္မစေတီ မင်း၏ “အပိန္နသော်” မွန်အမည် ရ ဓမ္မစေတီ ခေါင်းလာင်း တော်အား ဆယ်ယူ နိုင်ရန် အတွက် လျာထား သတ်မှတ်ချိန် အတိအကျ မထားရ သေးကြောင်း ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။
၄င်းခေါင်းလောင်းတော် ဆယ်ယူရေးအတွက် ပြီးခဲ့သည့် သြဂုတ်လ (၂) ရက်နေ့ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ၊ သတ္တမ ပုံမှန် အစည်း အဝေး၌ ချောင်းဆုံ မဲဆန္ဒ နယ်မှ ဦးလှမောင်က မေးခွန်း တစ်ရပ် မေးမြန်း ခဲ့စဉ်၊ ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ယခု ကဲ့သို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
ခေါင်းလောင်းတော် ဆယ်ယူ နိုင်ရေးနှင့် ပတ်သက် ၍လည်း ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၉ ခုနှစ် တွင် ၂ ကြိမ်၊ ၁၉၉၇၊ ၁၉၉၈ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ် တိုင်တိုင် ဆယ်ယူရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင် ခဲ့ကြောင်းလည်း ၄င်း၏ မေးခွန်း၌ ထောက်ပြ ပြောဆို သွားခဲ့သည်။
ထို့ပြင် ၂၀၁၀ ခုနှစ် တွင်လည်း သြစတြေးလျ နိုင်ငံမှ Anima Film ကုမ္ပဏီ ကလည်း ၄င်းခေါင်းလောင်းအား ဆယ်ယူ နိုင်ရန် အတွက် မြန်မာ နိုင်ငံ အစိုးရအား ကမ်းလှမ်း ခဲ့ဘူးသည်။
နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် စင်ကာပူ နိုင်ငံမှ SD Mark International LLP ကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များ သင်္ဘောများ ငှမ်းရမ်းမှု အမေရိကန် ဒေါ်လာ ၁၀ သန်း အကုန်အကျ ခံကာ ရှာဖွေ ဆယ်ယူမည် ဖြစ်ကြောင်း စာရေးဆရာ ဦးချစ်စံဝင်း မှတစ်ဆင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနသို့ ကမ်းလှမ်း ခဲ့ပါသည်။
သို့သော်လည်း ၄င်းကုမ္မဏီမှာ ပွဲစား သဘော မျိုးဖြင့်သာ ကမ်းလှမ်း သည့်အတွက် ကမ်းလှမ်းချက် သည်လည်း ပျက်ပြယ် သွားပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ဒု-ဝန်ကြီးမှ ပြန်လည် ဖြေကြား ခဲ့သည်။
“ငွေကြေး အတတ်ပညာ ပြည့်စုံပြီး အဆင့်သင့် ဖြစ်သော ကုမ္ပဏီ မဟုတ်သည့် အပြင် ပွဲစား သဘော မျိုးဖြင့်သာ ကမ်းလှမ်း သည့်အတွက် ပျက်ပြယ် သွားခြင်း ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီး ဌာန အနေဖြင့်လည်း ငြင်းပယ် လိုက်ခြင်း မဟုတ်ကြောင်း” ဒုဝန်ကြီး၏ ဖြေကြား ချက်၌ ပါရှိ ပါသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အတွက် ကျိုက်ထီးဆောင်း ဆရာတော်က နိုင်ငံတော် သမ္မတရုံးကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် တင်ပြ ခဲ့ပြီး ဖြစ်သည်။
ခေါင်းလောင်း တော်အား စောလျင်စွာ ဆယ်ယူ နိုင်ခြင်း မရှိပဲ ရေအောက်တွင် နှစ်ပေါင်း များစွာ နှစ်မြုပ် နေမည် ဆိုပါက ယခုထက် မက ပျက်စီး ဆုံးရှုံး သွားနိုင်ပြီး နိုင်ငံတော် အတွက်လည်း ကြီးမားသော ဆုံးရှုံးမှု တစ်ရပ် ဖြစ်ကြောင်း ဦးလှမောင်က ၄င်း၏ မေးခွန်း၌ ထောက်ပြ ပြောကြား သွားပါသည်။
ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ဆယ်ယူ ရရှိရေး ကိစ္စကို နိုင်ငံတော်၏ ယဉ်ကျေးမှု အမွေအနှစ် စုဆောင်းရေး ကဏ္ဍတွင် အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ် သတ်မှတ် သင့်ကြောင်းလည်း အကြံပြု ထားပါသည်။
၄င်းခေါင်းလောင်း တော်သည် မွန်တို့၏ အဖိုး မဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ် တစ်ခု ဖြစ်ပြီး ခရစ် သက္ကရာဇ် ၁၄၇၁ ၊ ၁၄၉၂ ခုနှစ် မြန်မာ သက္ကရာဇ် ၈၃၃၊ ၈၅၄ ခုနှစ်တွင် ဓမ္မစေတီ မင်းမှ သွန်းလုပ် ခဲ့သည်။ ၄င်းနောက် ခရစ် သက္ကရာဇ် ၁၄၇၆ ခုနှစ် အောက်တိုဘာလ ၂ ရက် နေ့တွင် ရွှေတိဂုံ စေတီတော်သို့ လှူဒါန်း ခဲ့သည်။
သမိုင်း အထောက်အထား များအရ ၄င်း ခေါင်းလောင်း တော်သည် စောက် ၁၂ တောင် ရှိကာ၊ ကြေးတန်ချိန်ပေါင်း ၁၈၀,၀၀၀ ပိဿာ အလေးချိန် ရှိကာ မြန်မာ နိုင်ငံ၌ သွန်းလုပ် ခဲ့ဘူးသည့် ခေါင်းလောင်းတော် များအနက် အကြီးဆုံး ခေါင်းလောင်းတော် တစ်ခု ဖြစ်သည်။
ခေါင်းလောင်းတော်ကြီး စတင် နစ်မြုပ်သည့် အချိန်မှ စ၍ နှစ်ပေါင်း ၅၀၀ နီးပါး ရှိပြီ ဖြစ်သော်လည်း ယခု အချိန်အထိ ဆယ်ယူရန် အကြိမ်ကြိမ် ကြိမ်းပမ်း ခဲ့သော်လည်း ယနေ့ အထိ အောင်မြင်မှု ရရှိ ခဲ့သေးခြင်း မရှိပေ။
ခေါင်းလောင်းတော် ကြီး၏ အခြား ထူးခြားချက် တစ်ရပ်မှာ ၄င်းခေါင်းလောင်းတော် သွန်းလုပ် ခဲ့စဉ်၌ မိကျောင်းနက္ခတ် မိ၍ တီးသည့် အခါ အသံ မမြည်ဟု မွန်သမိုင်း စာပေ များ၌ ရေးသား ဖော်ပြ ထားကြသည်။
“အပိန္နသော်” ဟု မွန်ဘာသာဖြင့် အမည် ရသည့် ဓမ္မစေတီမင်း ခေါင်းလောင်း တော်ဟု လူသိ များသည့် ခေါင်းလောင်းတော် ကြီးကို ပေါ်တူကီ လူမျိုး ငဇင်ခါ ခေါ် ဖီးလစ်ဒစ်ပလီတို မှ ခရစ် သက္ကရာဇ် ၁၆၁၂ ခုနှစ်၊ အောက်တို ဘာလ ၂၈ ရက်နေ့တွင် ဖောင်သင်္ဘောဖြင့် သန်လျင်မြို့ သို့သယ်ဆောင် ယူသွားစဉ် ဒေါပုံ မြစ်ဝ၌ နစ်မြုပ် ခဲ့ခြင်း ဖြစ်သည်။