ဒေသဖွံ့ဖြိုးရေးလုပ်ပေးဖို့အစိုးရကိုကျောက်ဖြူ ဒေသခံများ တောင်းဆို

ဒေသဖွံ့ဖြိုးရေးလုပ်ပေးဖို့အစိုးရကိုကျောက်ဖြူ ဒေသခံများ တောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ  ရွာပေါင်း ၂၃ ရွာနှင့် အဖွဲ့အစည်း ၃ ခုတို့မှ ဒေသခံ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ ထံသို့ ယခုလ ၂ ရက်နေ့ က စာရေး တောင်းဆိုလိုက်သည်။

အဆိုပါ တောင်းဆိုချက်ကို ၁၅ ရက် အတွင်း အကြောင်းပြန်ကြားရန် စာထဲတွင် ဖေါ်ပြထားသည်ဟု ကျောက်ဖြူမှ လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ကိုထွန်းလွှင်က ပြောသည်။

“ စာရေးတောင်းဆိုတဲ့ ရွာသားတွေက သူတို့ တောင်းဆိုတာကို ၁၅ ရက်အတွင်း အကြောင်း ပြန်ကြားရမယ်လို့ စာထဲမှာ ဖေါ်ပြထားပါတယ်။ အကြောင်းမပြန်ရင် ဘာလုပ်မလဲဆိုတာကတော့ အခုအချိန်မှာ မပြောနိုင်သေးဘူး။ စာမပြန်ရင်  ရွာသားတွေ အစည်းအဝေး လုပ်ကြပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှ သိရပါလိမ့်မယ်” ဟု ကိုထွန်းလွှင်က ပြောသည်။

ရွာသားများ အနေဖြင့် ယခု တောင်းဆိုစာကို မပို့မှီ ဒုသမ္မတ ဦးဉာဏ်ထွန်း ခရီးစဉ်တုန်းကလည်း ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြကြရန် စီစဉ်ခဲ့ကြသည်။

“  ဒေသခံ ရွာသားတွေ အနေနဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်း ဇူလိုင်လ ၂၉ ရက်နေ့က ကျောက်ဖြူကို ဂတ်စ်ပိုက်လိုင်း ဖွင့်ပွဲကို တက်ရောက်မယ်ဆိုတဲ့ အတွက် သူတို့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ ရွာသားတွေ တော်တော်များများလည်း စုရုံးနေခဲ့ကြပါတယ်။ ရာသီ ဥတုဆိုးရွားတဲ့ အတွက် ဒုသမ္မတ ခရီးစဉ်ကို ကပ်ပြီးဖျက်လိုက်တဲ့ အတွက်သူတို့ လိုလားချက်တွေကို တောင်းဆိုဖို့ မရလိုက်ဘူး။ ဒါကြောင့် အခုတစ်ခါ စာရေးပြီး ဒေသ ဖွံ့ဖြိုးရေးကို တောင်းဆိုကြတာ ဖြစ်ပါတယ်” ဟု သူက ကျေးရွာသားများ စာရေး တောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး ၎င်းက ပြောကြားသည်။

စာရေးတောင်းဆိုရာတွင် အဓိက အချက် (၄) ချက်ကို တောင်းဆိုကြသည်ဟု ၎င်းက ဆက် ဆိုသည်။

“ ပိုက်လိုင်း တလျှောက်မှာ ရှိတဲ့ ရွာတွေ အနေနဲ့ ဂတ်စ်ပိုက်လိုင်း သွယ်တန်း ဖေါက်လုပ်မူကြောင့် လယ်မြေများ ပျက်စီးသွားတဲ့ အတွက် ရွာသားများမှာ နစ်နာ ဆုံးရှံုးမူတွေ ရှိတယ်။ ဒီလို နစ်နာမူများအတွက် မှန်မှန်ကန်ကန် ဖြေရှင်းပေးရေးတွက် သူတို့က တောင်းဆိုပါတယ်။ နောက်တစ်ခုက ကျောက်ဖြူမှာ ဂတ်စ်နဲ့ လည်ပတ်မယ့် အင်ဂျင်တစ်လုံးထိုင်ပြီး လျှပ်စစ်မီးပေးမယ်ဆိုပြီး လျှပ်စစ် မီးတိုင်တွေကို ထောင်နေတယ်။ ဒါပေမယ့် ဂတ်စ်ပိုက်လိုင်း တလျှောက်မှာ ရှိတဲ့  ရွာတွေ အတွက် မပါ၀င်ဘူး။ ဒါကြောင့် ဂတ်စ်နဲ့ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးကို သူတို့ တောင်းဆိုကြပါတယ်” ဟု ဆိုသည်။

၎င်းပြင် တစ်ခြား တောင်းဆိုကြသော အချက်များထဲတွင်  ရွာချင်းဆက် လမ်းများ ဖေါက်လုပ် ကူညီပေးရေး၊ ကျေးရွာများတွင် လိုအပ်နေသော စာသင်ကျောင်းများ၊ ဆေးခန်းများနှင့် ရေတွင်း ရေကန်တူးဖေါ်ပေးရေး စသည့် အချက်များ ပါ၀င်သည်ဟု သိရသည်။၏

ရွာသားများ အနေဖြင့် တောင်းဆိုစာကို ယမန်နေ့က ခရိုင်၊ မြို့နယ် ဥက္ကဌများ၊ ဒေဝူး၊ တရုတ် ကုမ္ပဏီ CNPC၊ မြန်မာ ကုမ္ပဏီများဖြစ်ကြသော MOGE တို့သို့ သွားရောက် ပေးပို့ခဲ့ကြသည်။ ၎င်းပြင် မိတ္တူကို ဒေသအတွင်းရှိ ကြံ့ခိုင်ရေး၊ ရတပ၊ တစည အပါအဝင်  နိုင်ငံရေး ပါတီများ အားလုံးသို့ ပေးပို့သည်ဟု ဆိုသည်။

ဒေဝူး၊ MOGE တို့မှ အဆိုပါ တောင်းဆိုချက်များမှာ ၎င်းတို့နှင့် သက်ဆိုင်မူ မရှိဟု ဆိုကာ စာကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

စာရေး တောင်းဆိုရာတွင် ရမ်းဗြဲကျွန်းပေါ်က ရွာ ၂၀ ၊ မြိုချောင်းကျွန်းက ရွာ ၃ ရွာ၊  ကျောက်ဖြူမြို့ပေါ်မှ Kyauk Pru Social Network နှင့် Sky Youth လူမူ အဖွဲ့အစည်း ၂ ခုနှင့် မြဒေးကျွန်း ဖွံ့ဖြိုးရေး အဖွဲ့တစ်ခု အပါ၀င် စုစုပေါင်း ၂၆ ဖွဲ့ ပါ၀င်သည်ဟု သိရသည်။

ယခုအခါ ရမ်းဗြဲကျွန်းတွင် ဒေသ အရေးကိစ္စများကို လုပ်ဆောင်ရန် အတွက် ကျေးရွာသား၂၇ ယောက်ပါ ကော်မီတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ၂၇ ဦးထဲမှ ရ ဦးပါ အဆင့်မြင့် ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်း တာဝန်ထားသည်ဟု ကိုထွန်းလွှင်က ပြောသည်။

ဇူလိူင်လ ၂၉ ရက်နေ့က စတင်ပြီး ရခိုင်မှ ဓါတ်ငွေ့ကို ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့  ပို့လွှတ်ခဲ့ပြီး   မြန်မာ အစိုးရသည် ရခိုင်ရွှေသဘာဝ ဓါတ်ငွေ့ကို တရုတ်ကို တင်ပို့ခြင်းဖြင့်  တနှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံနုန်းဖြင့် နှစ်ပေါင်း (၂၀) အတွင်း ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်သည်။

Most read this week