ရခိုင်ပြည် ပဋိပက္ခအကြမ်းဖက်မှု အစီရင်ခံစာထုတ်ပြန်သူ ဦးအောင်မင်းဦးနှင့် တွေ့ဆုံ မေးမြန်းခန်း

ရခိုင်ပြည် ပဋိပက္ခအကြမ်းဖက်မှု အစီရင်ခံစာထုတ်ပြန်သူ ဦးအောင်မင်းဦးနှင့် တွေ့ဆုံ မေးမြန်းခန်း
by -
နိရဥ္စရာ

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ   ရခိုင်ပြည် ပဋိပက္ခအကြမ်းဖက်မှု အင်္ဂလိပ်လို “Conflict & Violence in Arakan (Rakhine) State, Myanmar (Burma)” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ ထုတ်ပြန်သည့် သြဂုတ်လ ၁ ရက် နေ့တွင်ပင် ရန်ကုန်မြို့ စင်ထရယ်လ် ဟိုတည်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) မှ   ရခိုင်ပြည် ပဋိပက္ခအကြမ်းဖက်မှု အင်္ဂလိပ်လို “Conflict & Violence in Arakan (Rakhine) State, Myanmar (Burma)” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ ထုတ်ပြန်သည့် သြဂုတ်လ ၁ ရက် နေ့တွင်ပင် ရန်ကုန်မြို့ စင်ထရယ်လ် ဟိုတည်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ နှင့် အကြမ်းဖက်မူ ဖြစ်စဉ်ကို သုတေသန ပြုရေးသားထားသော အစီရင်ခံစာကို အမေရိကန် နိုင်ငံသား Rick Heizman နှင့် AHRDO ၏ အမူဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး တို့မှ ရှင်းလင်းခဲ့ကြသည်။ အစီရင်ခံစာမှာ ရခိုင်အမျိုးသားများ အတွက် အထူး အကျိုးရှိသော အစီရင်ခံစာ တစ်စောင် ဖြစ်သဖြင့်  အဓိက အစီရင်ခံစာကို ရေးသားပြုစုသူ AHRDO မှ အမူဆောင် ဒါရိုက်တာ ကိုအောင်မင်းဦးကို နိရဥ္စရာမှ တွေ့ဆုံ မေးမြန်းပြီး အစီရင်ခံစာ ထုတ်ပြန်ရခြင်းကို မေးမြန်း တင်ဆက်ပေးလိုက်ပါသည်။

Conflict and Violence in Rakhine State Myanmar

(ဒီအစီရင်ခံစာကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကို ပထမဆုံး ပြောပြပေးပါ။)

အောင်းမင်းဦး-  အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အစီရင်ခံစာကို ထုတ်ဝေရတာက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာ မီဒီယာတွေမှာ သတင်း အမှား တွေကို အများအပြား တင်ပြတာတွေကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီ ပြဿနာက ကြီးသထက်ကြီးလာတယ်။ မကျယ်ပြန်သင့်တာထက် ကျယ်ပြန့်လာတာကို တွေ့ရပါ တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဆိုတာက တော့  UN ( ကုလသမဂ္ဂ) အပါ၀င်ပေါ့။ သူတို့ကလည်း သတင်းအမှားတွေ၊ တစ်ဘက်သတ် စွပ်စွဲတာတွေရှိ တယ်။ အထူးသဖြင့် ရခိုင်ခေါင်းဆောင်တွေ ရခိုင်ပြည်သူ တွေကိုပါ။ ဒါကြောင့် ကျွန်တော်တို့က နိုင်ငံတကာကို သတင်းအချက်အလက် အမှန်တွေရအောင် ပေးချင်တယ်။ အဲဒီလို သတင်းအချက် အလက်တွေကို ရရှိနိုင်အောင် ကျွန်တော်တို့ တစ်နှစ်ကျော်ခန့် ငွေကြေးအကုန်ကျခံ စုဆောင်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန် လိုက်ရတာ ဖြစ်ပါတယ်။

( ဒီအစီရင်ခံစာနဲ့ ပတ်သတ်ပြီး မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်တယ်လို့ သိရပါတယ်။ ဆိုတော့ ဘယ်လောက်အတိုင်းအတာက အောင်မြင်မှုတွေ ရှိတယ်လို့ သုံးသပ်ပါသလဲ။)

အောင်းမင်းဦး- အောင်မြင်မှုက အများကြီးရှိတယ်လို့ ပြောလို့ရပါတယ်။ သံရုံးတွေက ရောက်ပါ တယ်။ ပြင်သစ်သံရုံး၊ ဂျာမဏီသံရုံး၊ မြန်မာမီဒီယာတွေကလည်း အများကြီးရောက်ပါတယ်။ ဒီနေ့လည်း ကျွန်တော်တို့ Eleven media အပါအဝင် တခြားသတင်းစာတွေကလည်း ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်တာနဲ့ပတ်သတ်လို့ သတင်း ဖော်ပြတာတွေအများကြီး တွေ့ရပါတယ်။ တခြားနေရာ တွေမှာလည်း သတင်းတွေ အများကြီးပျံ့နေတာတွေ့ရပါတယ်။ သတင်းတွေကို မှန်မှန်ကန်ကန် ရေးသားကြဖို့ တိုက်တွန်းထားတာတွေကိုလည်း မီဒီယာတွေက ဖော်ပြတာကို တွေ့ရ ပါတယ်။ နောက်ကျွန်တော်တို့ မျှော်လင့်တာက ကျွန်တော်တို့ ထုတ်လိုက်တဲ့ အစီရင်ခံစာဟာ သံတမန် အသိုင်းအဝိိုင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ တစ်စုံတရာ အတိုင်းအတာထိ  အကောင်းဆုံး  ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှောင်လင့်ပါတယ်။ အားလုံးကို ခြံုပြီးသုံးသပ်ရင် ကျွန်တော်တို့ တစ်စုံတရာ အောင်မြင််မှုရှိတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကလည်း ကျွန်တော်တို့ ရခိုင်ပြည်သူ တစ်ခုတည်းအတွက် မဟုတ်ဘဲ။ မြန်မာပြည်သူတရပ်လုံးအတွက် ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

( ဟုတ်ကဲ့ UN တို့ HRW တို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး  သတင်းအမှားတွေကို ထုတ်ပြန်တယ်လို့ ကိုအောင် မင်းဦးတို့က ဝေဖန် ပြောဆို တာတွေကို ကြားရပါတယ်။  အဓိကဘယ်နေရာတွေမှာ ဘယ်လို သတင်း အမှားတွေကို ထုတ်ပြန်တယ်ဆိုတာ အချက်အလက်နဲ့ ပြောပြပေးလို့ ရမလား။)

အောင်းမင်းဦး- ဟုတ်ကဲ့ သတင်းမီဒီယာနဲ့ပတ်သတ်ပြီး နိုင်ငံတကာ သတင်းဌာနတခုဖြစ်တဲ့ အလ် ဂျာဇီးယာ သတင်းမီဒီယာနဲ့ပတ်သတ်ပြီး ကျွန်တော်နည်းနည်း ထောက်ပြပါမယ်။ သူတို့က လူမျိုး တုန်း သတ်ဖြတ်တယ်လို့ ဖော်ပြပါတယ်။ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲဒီအဆင့် မရှိသေးဘူး။ လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတာက ဂျူးတွေကို ဟစ်တလာ သတ်ဖြတ်တယ်။ အဲဒီလို တခြားနိုင်ငံတွေမှာလည်း ရှိခဲ့ပါတယ်။ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ မှန်ပါတယ်။ ရခိုင်ပြည်၊ ကရင်ပြည်၊ ရှမ်းပြည်စတဲ့ အားလုံးနေရာမှာ ဖြစ်ပါတယ်။ ဒါက စစ်အစိုးရလက်ထက်မှာပါ။ ဒါပေမဲ့ ဒါကို လူမျိုးတုန်းသတ်ဖြတ်မှုလို့ ပြောလို့ မရပါဘူး။ လူအခွင့်အရေး ချိုးဖောက်တယ်။ ဆိုးဆိုးရွားရွား ချိုးဖေါက်တယ်လို့သာ ပြောလို့ရပါတယ်။ အဲဒီအဆင့်အထိ လူမျိုးတုန်း သတ်ဖြတ်တယ်လို့ သုံးလို့ရပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှု ဆို တာကို နိုင်ငံတကာ သတင်းမီယာ တစ်ခုအနေနဲ့ မသုံးသင့်ပါ။ နောက်ပြီး ကျွန်တော်တို့ကို အမျိုးသား အစွန်းရောက်တေ ဆိုပြီး သုံးထားတာတွေရှိပါတယ်။ ဒီလို အသုံးအနှုန်းမျိုးကို နိုင်ငံတကာမီဒီယာ တခုအနေနဲ့ မသုံးသင့်လို့ ကျွန်တော်တို့မြင်ပါတယ်။ အဲဒီလိုမျိုးတွေကို လည်း ကျွန်တော်တို့ အစီရင်ခံစာတွေမှာ ချေပထားတာတွေ၊ တုန့်ပြန်ထားတာတွေလည်း ပါ၀င်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဗမာပြည်က နာမည်ကြီးဘုန်းကြီးတပါးဖြစ်တဲ့ ဦးဝီရသူကိုလည်း နိုင်ငံ တကာက အကြမ်းသမားတွေနဲ့ ပုံဖေါ် နိုင်းယှဉ် သတ်မှတ်ပြီး ရေးသားထားတာတွေကို တွေ့ရပါတယ်။ ဦးဝီရသူဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ဖြစ်ပါတယ်။ သူတို့ဟာ သူတပါးအသက်ကို သတ်ဖို့ ဆိုတာကို ထားလိုက်ပါ။ သာမန် ခြင်၊ ယင်စတဲ့ တိရိစ္ဆာန်တကောင်ကို သတ်ပစ်ရင်တောင် အများကြီး အပြစ်ရောက်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မြတ်တွေကို နိုင်ငံတကာမီယာတွေအနေနဲ့ နိုင်ငံတကာ အကြမ်းဖက်သမားတွေနဲ့ နိုင်းယှဉ် ဖေါ်ပြ သုံးနုန်းတာဟာ လုံးဝ မသင့်တော်ဘူလို့  ကျွန်တော်တို့က မြင်ပါတယ်။ အဲဒီလို သုံးခြင်းအားဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အပြုသဘော ဆောင်တဲ့လမ်းကို သွားနေတဲ့အချိန်မှာ အာဃာတရားတွေကို ပိုမို ဖြစ်လာစေတဲ့ အတွက် မကောင်း ပါဘူး။ အဲဒီလို အသုံးအနုန်းတွေဟာ ပြဿနာကို အများကြီး ရှုပ်ထွေးမှုတွေ ဖြစ်လာပြီးတော့ အခြေအနေကို ပိုပြီး ဆိုးသွားနိုင်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

(ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာအပေါ် နိုင်ငံတကာ မီဒီယာတွေ အနေနဲ့ရော၊ နို်င်ငံတကာအဖွဲ့ အစည်းတွေကပါ  တဘက်သတ် ဖော်ပြနေကြတာတွေ တွေ့ရပါတယ်။ အဲဒီလို တစ်ဘက်သတ် ဖော်ပြတာ ဘာကြောင့်လို့ ယူဆပါသလဲ။)

အောင်းမင်းဦး- အဓိကတော့ နိုင်ငံတကာ လူ့အခွင့်ရေးဆိုပြီး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ မီဒီယာတချို့ဟာ အရှေ့အလယ်ပိုင်းကလာတဲ့ ငွေကြေး စီးဆင်းမှုနဲ့ လုပ်ကိုင်နေရတာတွေရှိပါတယ်။ အထူးသဖြင့် INGO တွေက အဲဒီ အာရပ်နိုင်ငံတွေက စီးဆင်းတဲ့ ငွေကြေးတွေကို ယူထားတဲ့အတွက် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ခံရတာတွေရှိပါတယ်။ ဒါကြောင့် သူတို့ဟာ တစ်ဘက်ကို လိုက်ပြီး သတင်းတွေ၊ အစီရင်ခံစာတွေကို ရေးသားနေတာတွေကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမှန်တကယ် သုံးသပ်ရမယ်ဆိုရင် ငွေကြေးအပေါ်မှာ မူတည်တယ်လို့ သုံးသပ်လို့ ရနိုင်ပါတယ်။

( နောက်တခုမေးချင်တာက ဒီရခိုင် ပဋိပက္ခမှာ ရခိုင်တွေဘက်က အများကြီး နစ်နာ ဆုံးရှံုးမူတွေ၊ ခံရတာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားတွေကိုဘဲ အစွန်းရောက်တွေ၊ အမျိုးသားစွဲ ပြင်းထန်သူတွေလို့ ပုံဖေါ် စွပ်စွဲ ရေးသားနေကြတာတွေကို တွေ့နေရပါတယ်။ ဒီအထဲမှာ ပြည်ပ အခြေစိုက် မြန်မာ သတင်းဌာန တချို့လည်း ပါ၀င်နေတာကို တွေ့ရပါတယ်။ ဆိုတော့ အခု ကိုအောင်မင်းဦးတို့ အစီရင်ခံစာက ဒါေတွေကို ဘယ်လောက် အထိ ချေဖျက် နိုင်မယ်လို့ ထင်ပါသလဲ။ ရခိုင်အမျိုးသားတွေကို တစ်ဘက်သတ် စွပ်စွဲနေတာတွေကို  ဒီအစီရင်ခံစာ ထုတ်လိုက်တဲ့ နောက်မှာ အမြင်တွေဘယ်လောက်ထိ ပြောင်းသွားနိုင်မယ်လို့ မျှော်လင့်ပါလဲ။)

အောင်းမင်းဦး- ကျွန်တော်တို့က စာလုံး တစ်လုံးချင်းစီကို ချေပထားပါတယ်။ အထူးသဖြင့် Neolism Nationalist, racist  ဆိုတဲ့စကားလုံး အသုံးအနှုန်းတွေကို တစ်လုံးချင်းစီ ချေပထားပါတယ်။ အစီရင်ခံစာမှာ ဘာကြောင့် ဒီပြသနာဖြစ်ရတယ်။ ဒါက ဘာကို ဆိုလို်တယ်ဆိုတာကို ကျွန်တော်တို့ ထောက်ပြထားပါတယ်။ ဒါက ဘယ်လောက်ထိ ထိရောက်မှုရှိတယ်ဆိုတာကိုတော့ ကျွန်တော်က နိုင်ငံတကာ အဖွဲ့အစည်းတွေကို အစီရင်ခံစာကို ပို့ပေးမယ်။ နောက်ပြီး ကျွန်တော်တို့ ရခိုင် အမတ်တွေက တစ်ဆင့် လွတ်တော်အဆင့်မှာရှိတဲ့ တိုင်းရင်းသား မြန်မာ ခေါင်းဆောင်တွေကို ပို့ပေးမယ်။ နောက်ပြီး သံရုံးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကိုလည်း သင့်တော်တဲ့ ဘာသာနဲ့ ကျွန်တော်တို့ ပို့သွား မယ်။ ကျွန်တော်တို့မှာက အခုအင်္ဂလိပ်လိုဘဲရှိတယ်။ မြန်မာဘာသာနဲ့ကတော့ စက်တင်ဘာလ လောက်မှ ထုတ်ဝေမှာဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ ကျွန်တော်တို့မှာရှိနေပြီ။ အွန်လိုင်းကလည်း ကျွန်တော်တို့ဖြန်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ သံရုံးတွေကိုလည်း အားလုံး ရောက်နိုင်အောင်ပို့မယ်။ ဒီလို လူတွေလက်ထဲကို  ဒီအရင်ခံစာ ရောက်သွားရင် ရခိုင်ပြည်သူတွေ သာမက မြန်မာပြည်သူတွေအတွက်ပါ အများကြီး အကျိုးရှိမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည့်ပါတယ်။

(ဟုတ်ကဲ့။ အခုရခိုင်ပြည်မှာ ဖြစ်နေတဲ့ ရခိုင်နဲ့ ဘင်္ဂလီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရင် ငြိမ်းချမ်းနိုင်မယ်လို့ ကိုအောင်မင်းဦးတို့ မြင်ပါသလဲ။  နည်းနည်းပြောပြပေးပါ။)

အောင်းမင်းဦး- အဓိက ငြိမ်းချမ်းအောင် လုပ်ဖို့ဆိုတာက နှစ်ဘက်လုံးမှာ တာဝန်ရှိပါတယ်။ ရခိုင်တွေမှာ တာဝန်ရှိသလို ဘင်္ဂလီတွေမှာလည်း အများကြီးတာဝန်ရှိပါတယ်။ ဘာကြောင့်လည်းဆို ရင် ကျွန်တော်တို့ ရခိုင်ပြည်မှာ  ဖြစ်နေတာကို ကြည့်လိုက်ရင် ရခိုင်ပြည်သူတွေကိုယ်တိုင်က လူ့အခွင့် အရေး ချိုးဖောက်ခံနေရတာတွေ ရှိပါတယ်။ သတ်ဖြတ် ခံနေရတာတွေရှိပါတယ်။ ဒါတွေက ရခိုင်တခုတည်းမှာ ရခိုင်တွေ ချို့းဖေါက် ခံနေရတာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ချ်၊ မလေးရှား၊ အင်ဒို နီးရှား နိုင်ငံတွေမှာလည်း ကြားနေရတယ်။ ရခိုင်ပြည်သူတွေ အသတ်ခံနေကြရတယ်။ ဒါတွေကို ဆက်လုပ်နေရင် ငြိမ်းချမ်းရေးတော့ ဦးတည်နိုင်မှာ မဟုတ်ဘူး။ ဒါတွေကို ဘင်္ဂလီခေါင်းဆောင်တွေက ချင့်ချိန်ဖြေရှင်းရမယ်။ ပြည်သူတွေကို ပညာပေးရမယ်။ ရခိုင်တွေဘက်ကလည်း အဲလို တစုံတရာအထိ ပညာပေးသွားမယ်။ ဘယ်လိုနေပြီး ရခိုင်ဒေသငြိမ်းချမ်းအောင်၊ ရခိုင်ပြည်နယ်တခုလုံး  အေးချမ်းလာအောင် ရခိုင်ခေါင်းဆောင်တွေ၊ ဘင်္ဂလီခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေက တစုံတရာ နီးစပ်လာမှ နားလည်မှုတွေရလာမယ်။ ပြီးမှ ကျွန်တော်တို့က  ဖြေရှင်းပြီး တဖြည်းဖြည်းနဲ့ သွားသင့်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

နောက်တခုက နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အကူအညီတွေ ပေးတဲ့အခါ မျှမျှတတဖြစ်အောင် ရခိုင်နဲ့ဘင်္ဂလီတွေကို အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ ပေးရပါ မယ်။ တစ်ဘက်သတ် ပေးလို့မရဘူး။ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကစပြီး ဒီပြသနာဖြစ်တဲ့အချိန်အထိ ရခိုင်တွေကို နိုင်ငံတကာက အကူအညီပေးတာ မရှိခဲ့ဘူး။ နိုင်ငံတကာ အကူအညီတွေက ဒေါ်လာသန်းနဲ့ ချီပြီးပေးတာတွေဟာ  အားလုံး ဘင်္ဂလီတွေဆီကို သွားပါတယ်။ အဲဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေက UN အပါအဝင်ပေါ့ ကျွန်တော် တို့ရခိုင်ပြည်သူတွေကို သတ်သတ်စွပ်စွဲတာတွေ၊ ခွဲခြားဆက်ဆံတာတွေကို ရှောင်ရှားပြီးလုပ်ဆောင်ဖို့ လိုပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ နားလည်မှု ရလာမယ်။ အဲဒီက တစ်ဆင့် အတူနေလို့ရမလား။  မဟုတ်ရင် ဘယ်လိုနေမှာလည်း ဆိုတာကို ဆွေးနွေးရမယ်။  အတူနေနိုင်၊ မနေနိုင်ဆိုတာကတော့  ပြည်သူလူထု အပေါ်မှာ နှစ်ဘက် စလုံးမှာရှိတဲ့ အများစုအပေါ်မှာ မူတည်ပါတယ်။

(နောက်ဆုံး ဒီအစီရင်ခံစာနဲ့ပတ်သတ်ပြီး နောက်ဆုံး ဘာပြောချင်တာတွေရှိပါသလဲ)

အောင်မင်းဦး- အဓိကပြောချင်တာက ကျွန်တော်တို့ ရခိုင်ပြည်သူတွေ၊ နိုင်ငံတကာနဲ့ မြန်မာ အစိုးရကိုပါ။ အဓိက ရခိုင်ပြည်နယ်မှာ အေးချမ်းသာယာမူ ရရှိအောင် လုံခြံုရေးကို ဒီထက်ပိုပြီး  တာဝန်ယူပေးဖို့ လိုပါတယ်။ နောက်တခုက ရခိုင်ပြည်သူတွေ အထူး ဒုက္ခ ဆင်းရဲ ရောက်နေကြပါတယ်။  ပြည်သူတွေကို တစုံတရာ ပံ့ပို့ပေးဖို့ ကျွန်တော်တို့ တောင်းဆိုလိုပါတယ်။ နောက်တခုက နိုင်ငံတကာမှာရောက်နေကြတဲ့ ရခိုင်ပြည်သူတွေ အနေနဲ့လည်း  ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်ပြည်သူတွေကို အတတ်နိုင်ဆုံး ကူညီကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်။ နောက်တခုက မီဒီယာတွေအနေနဲ့ သတင်း ရေးသားတဲ့အခါ မျှမျှတတ ဖြစ်အောင် ရခိုင်ဘက်ပါ ဘင်္ဂလီဘက်ပါ မျှတအောင် ရေးသားစေချင်ပါတယ်။

Most read this week