အာဆီယံ စံနှုန်းညီ ကျွမ်းကျင်လုပ်သားများ ဖော်ထုတ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး ဦးထင်အောင်က သြဂုတ် ၁ ရက်တွင် ပြောကြားသည်။
၎င်းက ယင်းသို့ ပြောကြားခြင်းမှာ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ပြုလုပ်သည့် မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဖြစ်သည်။ ယင်းပွဲ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးဇုန်များအတွက် လိုိအပ်လာမည့် အလုပ်သမားဦးရေနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်နိုင်မည့် နည်းလမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အလုပ်သမားရေးရာဝန်ကြီးများမှ တင်ပြချက်ကို ရယူမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသည် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီးများနှင့် တစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာ ၀န်ကြီးများ၏ မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲ ဖြစ်သည်။
ဒုဝန်ကြီးက “မြန်မာလုပ်သားဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို ရေးဆွဲပြီး နိုင်ငံအဆင့် ပေါင်းစပ်ကာ တိုင်းဒေသကြီး၊ပြည်နယ်များတွင် အလုပ်သမား ကျွမ်းကျင်မှု စံသတ်မှတ်ရေးစင်တာများ၊ သင်တန်းများ ဖွင့်လှစ် သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်တွင် အလုပ်လုပ်နိုင်သည့် လုပ်သား ၃၂ သန်းခန့်ရှိနေရာ အဆိုပါ လုပ်သားများကို ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အာဆီယံစံ နှုန်းများနှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများအဖြစ် မွေးထုတ်နိုင်ရန် ဆွေးနွေးခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် တနသာင်္ရီတိုင်းဒေသ ကြီး ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ် အစရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများ တက်ရာက်ပြီး ၎င်းတို့က ပြည်နယ်နှင့် တိုင်းအလိုက် ကျွမ်းကျင်လုပ်သားနှင့် သင်တန်း လိုအပ်ချက်များကို ဆောင်ရွက်ရန် ဘတ်ဂျတ်လိုအပ်မှုများ ရှိသောကြောင့်ပြည်ထောင်စုအစိုးရမှ ဘတ်ဂျက်ချပေးရန် လိုသည်ဟု ပြန်လည် တင်ပြခဲ့ကြသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်ကလည်း မွန်ပြည်နယ် ရေးမြို့တွင်လေယာဉ်ကွင်း ပြန်လည်ပြုပြင်ခြင်း၊ ရေးမြို့ ကုလားကုတ် ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ဆက်စပ်ပြီး အကြီးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်းများပေါ်ထွက်လာမည် ဖြစ်သောကြောင့် ၂၀၁၅- ၁၆ ခုနှစ်တွင် ကျွမ်းကျင်လုပ်သား ၁၂၀၀၀ ဦး လိုအပ်မည်ဖြစ်ရာ စက်စဲတွင် အလုပ်သမား ကျွမ်းကျင်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ပေးသင့်သည်ဟုလည်း ယင်းပွဲတွင် ပြောသည်။
၎င်းက “အလုပ်သမားကျွမ်းကျင်မှု သင်တန်းကျောင်းတွေ ဖွင့်ရင် ပြည်နယ်အစိုးရမှာ ရန်ပုံငွေ အခက်အခဲရှိတဲ့ အတွက် ပြည်ထောင်စုအစိုးရက ပြည်လည်ချပေးဖို့ ပြောလိုပါတယ်”ဟုု ပြောသည်။
နိုင်ငံတော်အဆင့် ဆောင်ရွက်သွားမည့် ကျွမ်းကျင်လုပ်သား မွေးထုတ်ခြင်း စီမံချက်အရ ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများနှင့် ပြည်တွင်းတွင် လုပ်ကိုင်မည့် အလုပ်သမားများအား သင်တန်းများပေးခြင်းကို မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)တွင် ပါ၀င်သည့် ဌာနအလိုုက် အဖွဲ့ဝင်များနှင့် ဂျာမန် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။