မြေပြိုမှုကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိတ်နေဆဲ

မြေပြိုမှုကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိတ်နေဆဲ
by -
ကေအိုင်စီ

မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် ဇူလိုင်လ ၂၈ ရက်နေ့မှစ၍ ပိတ်ထားရသော ထိုင်းနှင့် မြန်မာ နိုင်ငံတို့၏ အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဒေါန တောင်ပေါ်ကားလမ်းကို လတ်တလော ပြန်လည်ဖွင့်လှစ်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် တာဝန်ကျယဉ်ထိန်းရဲ အရာရှိတစ်ဦးက “ကျနော်တို့သိရလောက် မြေပြိုတဲ့နေရာ ခန့်မှန်း ခြေနေရာ ၃၀ လောက်ရှိမယ်။ မြဝတီအပိုင် တံတားကျိုးအတက် ဖြတ်လမ်းကြီးနေရာမှာ ကားလမ်းက မြေသား ပါပြိုကျတယ်။ လမ်းပြန်ပြုပြင်ဖို့နဲ့ဆို လမ်းပြန်ဖွင့်ဖို့ အချိန်နည်းငယ် ကြန့်ကြာမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြေပြိုပြီး လမ်းပိတ်နေမှုများကို အမြန်ဆုံးရှင်းလင်းနိုင်ရန်နှင့် ပြိုကျသွားသော လမ်းပိုင်းများကိုလည်း အမြန်ဆုံးပြုပြင်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ တောင်ပေါ်လမ်းများတွင် မြေပြိုပြီးလမ်းများပိတ်ဆို့မှုကြောင့် ကားသွားလာခွင့်ပိတ်ထားသဖြင့် ဆိုင်ကယ်များဖြင့်သာ သွားလာနိုင်ကြောင်း မြဝတီသို့ ပြန်လာသော ခရီးသွားတစ်ဦးက ကြံုတွေ့ရသော လမ်းအခြေအနေကို ယခုလို ပြောပြသည်။

“လမ်းအခြေအနေက အတော်ဆိုးနေပြီ။ ဆိုင်ကယ်နဲ့တော့သွားလို့ရတယ်။ ဒါပေမယ့် မြေပြိုလို့လမ်းပိတ်နေတဲ့ နေရာတွေ အများကြီးပဲ။ တစ်ချို့နေရာတွေဆို လမ်းမြေသား ပဲ့ကျသွားတယ်။ အဲဒီနေရာတွေရောက်ရင် မစီးရဲဘူး ဆိုင်ကယ်ဆင်းတွန်းသွားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကားသွားလာခွင့်ကို အဆင်းအတက် နှစ်ပတ်ကြာပိတ်ထားခဲ့ရပြီး လက်ရှိ ဖားအံ၊ ကျံုဒိုး၊ ကော့ကရိတ်၊ မြဝတီ လမ်းပိုင်းအချို့တွင် ရေလွှမ်းလျက်ရှိနေသေးကာ ကားသမားများတွင်လည်း ထိခိုက်နစ်နာမှုများရှိကြောင်း ဘာအံ-မြဝတီသို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

ထို့အပြင် ကားလမ်းပိတ်ထားရမှုကြောင့် နယ်စပ်ကုန်သည်များတွင်လည်း များစွာနစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပြီး ရက်အကန့်အသတ် ကြာမြင့်စွာ ကားသွားခွင့် ပိတ်ထားမည်ကို ကုန်သည်များက စိုးရမ်နေကြသည်။

မြဝတီမှတဆင့် ဒေါနတောင်ကို ဖြတ်သန်း၍ ကော့ကရိတ်-ဖားအံအထိ ဖောက်လုပ်ထားသော ယခု ပိတ်ထား ရသည့် လမ်းမှာ အဓိကကုန်စည်များ စီးဆင်းရာတွင် အရေးပါသော လမ်းကြောင်းနှင့် လူအများဆုံး အသုံးပြု သွားလာသော လမ်းဖြစ်ပြီး နှစ်စဉ်မိုးရွာသွန်းမှုကြောင့် တောင်ပြိုခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဒေါနတောင်ကို ဖြတ်သန်း၍ ဖောက်လုပ်ထားသော တောင်ပေါ်ကားလမ်းသည် မြဝတီ-ကော့ကရိတ်အထိ မိုင် ၄၀ ခန့် အကွာအဝေးရှိကြောင်း သိရသည်။

Most read this week