ရှစ်တန်းကျောင်းသူတစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင်ကားက လူနှစ်ဦးကို တိုက်မိခဲ့သည့်အပြင် လမ်းမှန်အတိုင်းမောင်းနှင်နေသော ကားသုံးစီးကို မျက်နှာချင်းဆိုင် ဆက်တိုက်တိုက်မိခဲ့သည့် ဖြစ်ရပ်တစ်ခု ဇူလိုင် ၃၀ ရက်ညကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ကားမောင်းသည့် ရှစ်တန်းကျောင်းသူမှာ အသက် ၁၅ နှစ်သာရှိသေးသဖြင့် အသက်အရွယ်အားဖြင့် ယာဉ်မောင်းလိုင်စင် ရရှိနိုင်သည့်အရွယ် မရောက်သေးပေ။
ကျောင်းသူလေးသည် ကားကိုလမ်းပြောင်းပြန် ချိုးကွေ့မိရာ လမ်းထောင့်တွင်ရှိနေသော ကိုမင်းအောင် ဆိုသူနှင့် ကိုအောင်တင်ဦးဆိုသူတို့ နှစ်ဦးကိုတိုက်မိခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။
ထိုသို့လူနှစ်ဦး တိုက်မိခဲ့ပြီးနောက် ကားကရပ်မသွားဘဲ လမ်းမှန်အတိုင်းမောင်းနှင်လာသော ကော်ရိုနာ အဖြူရောင်အငှားယာဉ် နှင့် နစ်ဆန်းအငှားယာဉ်တို့ နှစ်စီးကို ထပ်တိုက်မိခဲ့ပြန်သည်။
ကားကထိုမျှနှင့်လည်း မရပ်သေးဘဲ နောက်ထပ်မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ကာဒီနာအမျိုးအစား
အငှားယာဉ်ကို ထပ်တိုက်မိခဲ့သည်ဟု ရဲမှတ်တမ်းတွင်ပါရှိသည်။
ပထမဆုံးတိုက်မိသည့်ကားမှာ ရှေ့ဘန်ဘာပျက်စီးပြီး ဒုတိယမြောက်တိုက်မိသည့် ကားမှာ ယာဘက် ခြမ်းမှတံခါးနှစ်ချပ်လုံး ပျက်စီးခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။ နောက်ဆုံး အတိုက်ခံရသော ကားမှာကားရှေ့ဖုံးပိန်ချိုင့်ခဲ့ပြီး ကျောင်းသူလေး မောင်းနှင်လာသော ကားသည်လည်း အင်ဂျင်ဖုံး ပိန်ချိုင့် သွားခဲ့သည်။
လမ်းထောင့်တွင် ကနဦးကားဖြင့် တိုက်မိသူများမှာ စိုးရိမ်ရသောအခြေအနေ မရှိကြသော်လည်း ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း ရဲဌာနက ထုတ်ပြန်သည်။
လိုင်စင်မရသေးဘဲ ကားမောင်းသည့် ထိုရှစ်တန်းကျောင်းသူကို ပန်းဘဲတန်း ရဲစခန်းက အမှုအမှတ် (ပ) ၁၉/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုဆိုင်ရာဥပဒေ ၂၇၇/၃၃၇ ဖြင့် တရားစွဲမည်ဟု အဆိုပါရဲစခန်းက မဇ္ဈိမ ကို ပြောသည်။