ဂျူလိုင်လအတွင်း အစိုးရစစ်ကြောင်းနှင့် သျှမ်း/မြောက်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ပွဲဖြစ်

ဂျူလိုင်လအတွင်း အစိုးရစစ်ကြောင်းနှင့် သျှမ်း/မြောက်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့်မြန်မာစစ်တပ်သည် KIA၊ TNLA ၊ SSPP/SSA၊ RCSS/SSA တို့အား ဂျူလိုင်လအတွင်း   ၅ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ အရာရှိတဦးကပြောဆိုလိုက်ပါသည်။

“ခမရ ၁၁၄ ၊ ၁၁၅ ပူးပေါင်းတပ်ပေါ့။ ဂျူလိုင် ၃ ရက်နဲ့ ၁၀ ရက်နေ့မှာ ကျနော်တို့ SSPP/SSA နဲ့ ဖြစ်တယ်။ နောက် ၂၀ နဲ့ ၂၄ ရက်နေ့မှာ RCSS/SSA နဲ့ ဖြစ်တယ်။ ၂၉ ရက်နေ့မှာ TNLA နဲ့ KIA ပူးပေါင်းတပ်ဖွဲ့နဲ့ဖြစ်တယ်။ ကျောက်မဲမြို့နယ် ထဲမှာဘဲ။ နှစ်ဘက် စလုံး ဒဏ်ရာရတွေတာတွေတော့ ရှိခဲ့တယ်။ တိုက်ပွဲတိုင်းမှာ မြန်မာစစ်တပ် က လက်နက်ကြီး တအား သုံးတယ်။ ၃၀ ရက် နေ့ကဆိုရင် မနက် ရ နာရီလောက်က လက်ဖက်ခြံထဲကိုလက်နက် ကြီးနဲ့ အလုံး ၂၀ လောက်ထု တာ။ ရွာသားတွေ တော့မထိဘူး ။ ဒါပေမယ့်အလုပ်သွားမလုပ်ရဲဘူးပေါ့ဗျာ။ တော့ဆန်ဘက်မှာ ဆိုရင် ကျောင်းတွေပိတ် ထားရတယ်” ဟုဆိုပါသည်။

ပစ်ခတ်မှုများကြောင့် ကျေးရွာများပါ ထိခိုက်မည်စိုးသဖြင့် တိုင်းရင်းသားတပ်ဖွဲ့များဘက်မှ ဆုတ်ပေးခဲ့ရသည်လည်း ရှိကြောင်း၊ ဂျူလိုင်လအတွင်း၌ မြန်မာစစ်တပ်ဘက်မှ ထိုသို့ ထိုးစစ်ဆင်မှုဆက်တိုက် ပြုလုပ်လာခြင်းကြောင့် ကျေးလက် ပြည်သူလူထုများကပါ “ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်မရှိ” ဟု ပြောဆိုနေကြကြောင်း ဆိုပါသည်။

“ဒီဟာကိုကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးကိုမလိုလားဘူး။  ကျနော်တို့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုလုံးဝ ရှင်းလင်းပစ်ချင်တဲ့သဘောဘဲ။ ကိုယ့်နယ်မြေထဲမှာကိုယ်အေး အေးချမ်းချမ်းမနေနိုင်အောင် သူတို့လုပ်နေတာ။ မြန်မာစစ်ကြောင်း တက်လာတယ်ကြားတာနဲ့ ကျနော်တို့ချက်ချင်းအကြောင်းကြားတယ်။ ဒီဘက်မှာ လှုပ်ရှားနေတယ်နော် မလာနဲ့ ဆိုလဲ  နားမထောင်ဘူး။ ရှေ့ဆက်တိုးလာတော့ တိုက်ပွဲတွေက မလွဲမရှောင်သာ ဖြစ်ရတာပေါ့ ” ဟု SSPP/SSA မှရှေ့တန်းစစ်မြေ ပြင် အရာရှိတဦးက ပြောဆိုပါသည်။

 “ကျနော်တို့တိုင်းရင်းသားဘက်က တဘက်တည်းနဲ့ အပစ်ရပ်နေတာဖြစ်တယ်။ မြန်မာ့တပ်မတော်က မရပ်ဘူး။ ကျနော်တို့စစ်မြေပြင် မှာနေတဲ့သူအနေနဲ့တော့ ဒီဟာကိုကြည့်ခြင်းအား ဖြင့်‘ ငြိမ်းချမ်းရေး လုပ်နေလဲ မငြိမ်းချမ်းနေမယ့်အတူတူ မလုပ်တာတောင်မှကောင်းတယ်’ လို့ ပြောချင်ပါတယ် ”  ဟု ပြောဆိုလိုက်ပါသည်။

ဂျူလိုင် ၃၁ ရက်နေ့က တအာင်းတပ်မတော်နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသော်လည်း အပစ်ရပ်ရေးအတွက် လက်မှတ်မထိုးနိုင်ခဲ့သေးပေ။ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးနှင့်လည်း အပစ်ရပ်ရေးသဘောတူသည့်အချိန်မှစ၍ ယနေ့တိုင် တိုက်ပွဲပေါင်း ၁၅၀ ကျော် စီ ဖြစ်နေရသေးသည်ဟု ပြောခွင့်ရပုဂ္ဂိုလ် များက ပြောပါသည်။

Most read this week