ပလောင် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ အဖွဲ့တို့သည် နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက် လာရေး အတွက် နှစ်ဖက် ထပ်မံ ံဆွေးနွေး ညှိနှိုင်းကြရန် လိုသေး သည်ဟု သဘောတူ ခဲ့ကြကြောင်း ရှမ်းပြည်နယ် မူဆယ် မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် ပလောင် ဒုတိယ ပြန်ကြားရေး အရာရှိ မိုင်းအောင်နိုင်မှ ဆိုပါသည်။
“ ကျနော်တို့ ဖက်က အချက် (၄) ချက် တင်ပြပါတယ်။ အစိုးရ ဖက်ကတော့ သူတို့ရဲ့ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး မူ (၅) ချက်ကို တင်ပြတယ်။ သဘောတူ လိုက်တာက (၃) ချက်ပေါ့။ ဆွေးနွေးပွဲ အောင်မြင်ကြောင်းနဲ့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ဖို့ ထပ်မံ ညှိနှိုင်း သွားရေးကို သဘောတူ ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
PSLF ဖက်မှ တင်ပြချက်များမှာ (က) PSLF ၏ နိုင်ငံရေး ရပ်တည်ချက် သဘောထား၊ (ခ) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေ(ဂ) လက်ရှိ ဖြစ်ပွား နေသည့် တိုက်ပွဲများ အခြေအနေနှင့် (ဃ) ဒေသ ဖွံ့ဖြိုးရေး ကိစ္စများကို တင်ပြခဲ့ပါသည်။
အစိုးရ၏ ကိုယ်စားလှယ်များ ကမူ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး မူ ၅ ချက် ဖြစ်သော (က) နှစ်ဦး နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး၊ (ခ) နှစ်ဖက် သဘော တူညီမှု ညှိနှိုင်း ရရှိထားသည့် သတ်မှတ် နေရာများတွင် နေထိုင်ရေး၊ (ဂ) သတ်မှတ်နေရာမှ အပ အခြား ဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရေး၊ (ဃ) ဆက်ဆံရေး စခန်းကို နှစ်ဖက် သဘောတူသော သင့်လျော်သည့် နေရာ၌ လက်နက် မပါ ထားရှိရေး၊ (င)ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ဆွေးနွေးရန် အတွက် ကိုယ်စားလှယ် အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန် နေရာတို့ကို ညှိနှိုင်းရေး စသည့် အချက်များကို တင်ပြ ခဲ့သည်ဟု ဆိုပါသည်။
PSLF သည် အစိုးရအဖွဲ့ တင်ပြခဲ့သော အပစ်အခတ် ရပ်စဲရေးကို လောလောဆယ်၌ သဘော တူခဲ့ခြင်း မရှိသေးပေ။ ဤကဲ့သို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေး သော်လည်း ဆက်လက် ညှိနှိုင်းနိုင်ရေး အတွက် ထပ်မံ တွေ့ဆုံရန် နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်ရန်ကိုမူ သဘော တူခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ စစ်ဆင်ရေးကြောင့် ဖြစ်ပေါ်နေသော တိုက်ပွဲအကြောင်းကို တင်ပြရာတွင် အစိုးရ ကိုယ်စားလှယ်များ သည် တာဝန်အရ လုံခြုံရေး အရ နယ်မြေ စိုးမိုးရေး အတွက် တိုက်ခိုက် ခဲ့ရခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။
ယနေ့ မနက် (၉) နာရီမှ ညနေ (၃) နာရီ အထိ ကျင်းပခဲ့သော ဆွေးနွေးပွဲသို့ တက်ရောက် လာသော PSLF ကိုယ်စားလှယ်များမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF မှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ အဖွဲ့ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်ပြီး၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူး တာခူလန်း၊ ဗိုလ်မှူးတာရော့ခြိူး၊ ဗိုလ်မှူး တာအောင်မြတ်၊ ဗိုလ်ကြီး တာဝိုင်ခြိူး၊ ဗိုလ်ကြီး တာပလန်းထွဲ၊ ဗိုလ်ကြီးတာစိုယမ်း၊ ဗိုလ်ကြီး တာအောင်ကိုနှင့် ဗိုလ်တာလူမ်ကျော်မြ ပါ၀င်သော ကိုယ်စားလှယ် (၉) ဦးနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း (၂၁) ဦး တက်ရောက် ခဲ့ကြပါသည်။
အစိုးရ ကိုယ်စားလှယ်များမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့မှ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ဝန်ကြီး ဦးမောင်မောင်ဆွေ၊ ရှမ်းပြည်နယ် ဝန်ကြီး ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမောင်ကျော် အပါအဝင် စုစုပေါင်း ၁၃ ဦး တက်ရောက် ခဲ့ကြပြီး စုစုပေါင်း ကိုယ်စားလှယ်ပေါင်း (၆၀) ခန့် တက်ရောက် ခဲ့ပါသည်။
ထို့အပြင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA မှ ကိုယ်စားလှယ် ၃ ဦး၊ မွန်ပြည်သစ် ပါတီ NMSP မှ ကိုယ်စားလှယ် ၄ ဦး၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP မှ ကိုယ်စားလှယ် ၅ ဦး တို့ကိုလည်း အသိသက်သေများ အဖြစ် တက်ရောက် ခဲ့ကြပါသည်။ ဤအထဲတွင် ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တို့ကို ဖိတ်ကြား ထားလည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ရှမ်းပြည်နယ် အစိုးရ၏ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူသည် PSLF ကိုယ်စားလှယ်များကို နမ်းခမ်းမြို့နယ် မိုင်းဝီကျေးရွာ၌ ဒေသခံ ပြည်သူ ၁၀၀၀ ခန့်နှင့် အတူ ယမာန်နေ့တွင် လာရောက် ကြိုဆိုခဲ့ပါသည်။ လမ်းခရီး တလျှောက်ရှိ မိုင်းမိုးကျေးရွာသို့ ရောက်ရှိ လာသောအခါ တအာင်း လူထု (၂၀၀၀) ခန့် ကြိုဆိုခဲ့ပြီး၊ နမ့်ခမ်း မြို့သို့ ရောက်ချိန်တွင် တအာင်း ပြည်သူ ၃၀၀၀ ခန့် ကြိုဆို ခဲ့ကြသည်။
အလားတူ ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင်လည်း ဆွေးနွေးပွဲ ကျင်းပသည့် ရွှေလီ ရတနာ ခန်းမပြင်ပ၌ မူဆယ် ပြည်သူ (၅၀၀၀) ခန့် ကြိုဆိုနှုတ် ဆက်ခဲ့ကြပြီး လက်နက် မချကြရန် ပန်ကြား သွားသည်ဟု PSLF ဆိုပါသည်။
PSLF အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဇင်းမယ် မြို့တွင်း၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။