ပြည်ထောင်စု လွှတ်တော် နာယက ပြောင်းသော်လည်း တိုင်းရင်းသားအရေးပြောင်းလဲမည်မဟုတ်- အမတ်များပြော

ပြည်ထောင်စု လွှတ်တော် နာယက ပြောင်းသော်လည်း တိုင်းရင်းသားအရေးပြောင်းလဲမည်မဟုတ်- အမတ်များပြော
by -
သျှမ်းသံတော်ဆင့်

အမျိုးသားလွှတ်တော် ဥက္ကဌ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌတို့  ပြည်ထောင်စုလွှတ်တော်နာယက ရာထူးလွှဲပြောင်းကြ သော်လည်း တိုင်းရင်းသားအရေး ဦးစားပေးမှု မရှိနိုင်သေးဘူးဟု တိုင်းရင်းသား လွှတ်တော် အမတ်များက ဝေဖန်ပြော ဆိုကြသည်။

“ ဦးခင်အောင်မြင့်က တာဝန်ကျေပွန်တဲ့သူ၊ တိကျတဲ့သူဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ လုပ်သွားတယ်။  တိုင်းရင်းသားအရေးလဲ ဒီတိုင်းဘဲ။ ဦးစားပေးတာ သူ့မှာ မရှိခဲ့ဘူး။ သူက ယဉ်ကျေးမှု ဝန်ကြီးလုပ်ခဲ့ဖူး တယ်လေ။ အဲဒီတုန်းက ညောင်ရွှေဟော်နန်းကို ယဉ်ကျေးမှုပြတိုက် လုပ်လိုက်တာ သူပေါ့” - ဟု ကျားဖြူပါတီအမတ်မင်းတဦးက ပြောပါသည်။

ပြည်ထောင်စုလွှတ်တော် နာယက ရာထူး ၅ နှစ်သက်တမ်းအနက် ပထမ ၂ နှစ်ခွဲ အား အမျိုးသားလွှတ်တော် ဥက္ကဌက တာဝန်ထမ်း ဆောင်ပြီး ဒုတိယ သက်တမ်းအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ယခုတာဝန် ခဲ့ခြင်းဖြစ်သည်။

“ဦးရွှေမန်း တက်လာလဲ  တိုင်းရင်းသားက ဘာမှ ထူးခြားမှာမဟုတ်ဘူး။ ပိုတောင်စိုးရိမ်ရမယ်။ ဘာလို့လဲ ဆိုတော့ NLD  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တအားရင်းနှီးလာနေတယ်။ လူထုဘက်ကရပ်တည်ပြီး အစိုးရကို ဆက်လက် ဆန့်ကျင်ဖို့ အားမကောင်းတော့ဘူး။ တိုင်းရင်းသားတွေ ပိုခံရလိမ့်မယ်။ ဒါ့ကြောင့် တိုင်းရင်းသားအရေးကို တိုင်းရင်းသား တွေကဘဲလုပ်ရ လိမ့်မယ်။” - ဟု တိုင်းရင်းသား အမျိုးသမီးလွှတ်တော် အမတ်ဦးကလည်းပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက လွှဲပြောင်းတာဝန်ယူစဉ် (ဓါတ်ပုံ- ပြည်သူ့လွှတ်တော်)

လွှတ်တော် သက်တမ်း ၅ နှစ် (၂၀၁၀ မှ ၂၀၁၅ အထိ) တွင် ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် အမျိုးသား လွှတ် တော်ဥက္ကဋ္ဌက ၂ နှစ်ခွဲ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၂ နှစ်ခွဲ တာဝန်ကိုပါ ထမ်းဆောင်ရ မည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါရှိသည်။

ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကို အမျိုးသားလွှတ်တော် ဥက္ကဌ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌတို့  ပြောင်းလဲ  ယူသည့် အခမ်းအနားသို့ နေပြည်တော်လေ့ လာရေးခရီးစဉ်ရောက်ရှိနေသည့် အင်အား ၁၈၀ ခန့်ရှိ သျှမ်းပြည် အနယ်နယ်အရပ်ရပ်က ကျားဖြူပါတီဝင်အဖွဲ့ တို့လည်း တက်ရောက်ခဲ့သည်။

Most read this week