ညှိနှိုင်းဆွေးနွေး ကြားဝင်ဖြေ ရှင်းပေးတဲ့ ယဉ်ကျေးမှု ဆိုပါက လားဟရို့ (၃)

ညှိနှိုင်းဆွေးနွေး ကြားဝင်ဖြေ ရှင်းပေးတဲ့ ယဉ်ကျေးမှု ဆိုပါက လားဟရို့ (၃)
by -
ကေအိုင်စီ

ညှိနှိုင်း ဖြေရှင်းပေးမည့် ပုဂ္ဂိုလ်ပီပီ ပြဿနာ၏ ဇစ်မြစ်ကို သေချာစွာ နားလည်ပြီး၊ အကျိုးအကြောင်း အဆိုးအကောင်းကို စဉ်းစား ဆင်ခြင်တတ် ရမည်။ စာနာထောက်ထားတတ်ရမည်။ ရိုးသား ပွင့်လင်း ရမည် ဖြစ်၏။

(၈)
“သုံးဆူအောက်ဘက် အပလုံနဲ့ မယ်ဇလီကြားက မြိုင်သာယာဆိုတဲ့နေရာမှာ အိမ်ကွက်တွေ ပေးနေတယ် ဆရာရေ့။ တအိမ်ထောင်ကို ပေလေးဆယ် ပေခြောက်ဆယ် မြေတကွက် ပေးတယ်။ အဲဒီမှာ အိမ်ဆောက်ပြီး အမြဲနေမဲ့ သူတွေဆိုရင်၊ လုပ်ကိုင်စားသောက်ဖို့ မြေ ငါးဧကပါ ပေးတယ်။”ဟု မိတ်ဆွေ တစ်ယောက်က ပြောလာ၏။

“တိုင်းရင်းသားဒေသတွေက မြေတွေ စိုက်ခင်းတွေကော၊ ဗမာပြည်ထဲက ရပ်ကွက် အိမ်မြေ တွေ၊ လယ်မြေ တွေပါ သိမ်းတဲ့နေရာတွေ သိမ်းနေကြပြီးတော့၊ ဒီနေရာမျိုးမှာ မြေလွတ်မြေရိုင်းတွေ လာပေးတာတော့ သိပ်တော့ အလုပ် မဟုတ်ဘူး ခင်ဗျ။ နောက်ပြီး ဒီလူတွေကလည်း သိပ်ပြီးယုံရတာ မဟုတ်ဘူး” ဟု ကျနော် ပြန်ပြောလိုက်သည်။

“အခုပေးနေတာက ကျနော်တို့ ကရင်ဘက်က ပေးနေတာ ဆရာ။ ကျနော်ကတော့ သွားယူထားလိုက်ချင် တယ်။ တချို့လူတွေတောင်မှ သွားယူထားပြီးကြပြီ။ အဲဒီမှာ ကရင်တွေ များများ သွားနေ ကြရင် ကောင်းမယ်။ ကျနော်တို့က အင်အားပြရမှာလေ ဆရာ။ ကိုယ့်လူတွေ ကိုယ့်ကရင်တွေ ဘယ်လောက်ရှိသလဲ ဆိုတာကို ရန်သူကော၊ ဘေးပတ်ဝန်းကျင်က လူထုတွေကော သိအောင်လုပ်ရ မှာ”ဟု သူဆို၏။ ထိုခွင်မှာ မွန်အမျိုးသား တို့နှင့် ကရင်အချို့ ရောထွေးနေထိုင်နေသည့် နေရာဖြစ်သည်။ ဘုရား သုံးဆူခွင်ကို ကရင်ပြည်နယ်ဟု ဗမာပြည်မြေပုံထဲတွင် အသိအမှတ်ပြုထားသည့်တိုင် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်က မွန်ပြည်သစ်ပါ တီနှင့် ကေအဲန်ယူတို့ နယ်မြေတွင်း အခွန်အကောက်ကိစ္စနှင့် အုပ်ချုပ်ရေးကိစ္စ ပြဿနာ တက်ခဲ့ကြသည့် နေရာ ဖြစ်နေသည်။ ထိုနေရာကို ကရင်အဖွဲ့အစည်းအား မြေယာ ဝေခြမ်းရေး လုပ်ခိုင်းသည်မှာ မွန်အဖွဲ့အစည်း နှင့် ပြဿနာတက်ရအောင် လမ်းစဖော်ပေး နေသလို ဖြစ်၏။ ၎င်းတို့အား ဆန့်ကျင် တော်လှန်နေသော တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်း ပြဿနာ တက်လျှင် ၎င်းတို့အတွက် အမြတ်ပင် ဖြစ်သည်။

Farmer-pic

ကေအဲန်ယူ အဖွဲ့အစည်းအနေဖြင့် ယခုအချိန်မှာ မိမိနယ်မြေနှင့်မိမိ လွတ်မြောက်ငြိမ်းချမ်းစွာ နေနိုင်သည့် အခြေအနေ မရှိသေး။ ရန်သူနှင့် အပစ်အခတ်ရပ်ဆိုင်းထားသော်လည်း ခိုင်မာသေးတာ မဟုတ်။ မိမိနယ်မြေ ထဲမှာ ရန်သူ့တပ်တွေလည်း အများအပြား ရှိနေသည်။ မြေယာဝေခြမ်းရေး ကိစ္စ ဆိုသည်မှာနောက်မှလုပ်ရမည့် ကိစ္စ ဖြစ်သည်။ လောလောဆယ် လုပ်ရမည့်ကိစ္စကတော့ ရန်သူနှင့် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး စည်းကမ်းများကို နှစ်ဦးနှစ်ဘက် လိုက်နာလုပ်ဆောင်ပြီး၊ လွတ်လပ် ပွင့်လင်း မျှတစွာ နိုင်ငံရေးအရ ဆွေးနွေးကြရမည့်ကိစ္စ ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနှင့်၊ စစ်အုပ်စုနှင့်၊ ဒီမိုကရက်တစ်အင်အားစုများပါ ပါပင်လျက် လွတ်လပ်ငြိမ်းချမ်းသော ပြည်ထောင်စုစစ်စစ် တည်ထောင်နိုင်ရေး ဆွေးနွေးညှိနှိုင်း အဆင်ပြေမှု ရရှိသည့် အခါမှသာ ကိုယ့်နယ်မြေထဲမှာ ကိုယ့်လူထုကိုကိုယ် မြေယာဝေခြမ်းရေး လုပ် ကြရမှာ ဖြစ်သည်။ ယခုကိစ္စက တော့ ပြီးခဲ့သည့်နှစ်ထဲ တိုင်းရင်းသားတွေကို မှတ်ပုံတင်ပေးလုပ်သည့် ကိစ္စလိုပင် အဆင့်ကျော်နေသော ကိစ္စ ဖြစ်လေသည်။

(၉)
နေ့စဉ် အင်တာနက်သတင်းတွေကို ကြည့်လိုက်လျှင် ညှိနှိုင်းဆွေးနွေးမှုနှင့် ပတ်သက်သော ခေါင်းစဉ်များ ပလူပျံနေ၏။ နေရာအသီးသီးမှာ အမျိုးမျိုးအဖုံဖုံ ညှိနှိုင်း ဆွေးနွေးမှုများ လုပ်နေကြ သည်။ ညှိနှိုင်းဆွေးနွေးမှု သက်သက်ဖြင့် ပြေလည်အေးချမ်းမှုရအောင် ဆောင်ကြဉ်းနိုင်မည် မနိုင် မည်တော့ မသေချာ။ ညှိနှိုင်းတာ တွေကတော့ ထပ်ခါတလဲလဲ ဖြစ်နေ၏။ ညှိနှိုင်းဆွေးနွေး ကြားဝင် ဖြေရှင်းပေးသည့် ယဉ်ကျေးမှုတခေတ် ဆန်းသစ်လာခဲ့ပြန်ပြီ ထင်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရန် ပြည်တွင်းမှ ကရင်အဖွဲ့အစည်းကြီး တခုကကြိုးပမ်း နေသည့် သတင်းကို အားတက်ဖွယ်ရာ ကြားရသည်။ လက်နက်ကိုင်သူကော လက် နက်မကိုင်သူများပါ အမျိုးသားချင်း သွေးစည်းညီညွတ်ရေးကို အပေါ်ယံကြော အပြောသက်သက် သကာဖုံးမျက်လုံးများနှင့် သာမဟုတ်ပဲ ရင်တွင်းကလာသော စိတ်စေတနာဖြင့် တကယ်တမ်း ခံယူလုပ် ဆောင်ကြဖို့သင့်သည်မှာ ကြာပြီဖြစ်၏။ ထိုအဖွဲ့ကြီး၏ ညီလာခံကို ပြီးခဲ့သည့် မတ်လကုန်ပိုင်း ဘားအံ တွင် စတင်ခဲ့ပြီး၊ မကြာသေးမီက ရန်ကုန်ခဝဲခြံမှာ ကျင်းပခဲ့ကြောင်း ကြားသိရသည်။ ရှေ့ဆက်၍ လည်း ကရင်အမျိုးသား အများစုရှိရာ ဒေသများ၌ ကျင်းပသွားဦးမည် ဟုဆို၏။ ကရင်အမျိုးသား ခရစ်ယာန် ဓမ္မဆရာများကော ဗုဒ္ဓဘာသာ ဆရာတော် သံဃာတော်များပါ ဦးဆောင်ပါ၀င်သည့် ထို အဖွဲ့ကြီးအနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို သဘောထားစေတနာ မှန်ကန်စွာ အောင် အောင်မြင်မြင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုမိလေသည်။

ကေအဲန်ယူကလည်း အမျိုးသားချင်း ရင်ကြားစေ့ရေး စည်းလုံးညီညွတ်ရေးများအတွက် လုပ် ဆောင်နေ၏။ တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးပွဲများ လုပ်ဆောင် ဖို့ရန် အခြေအနေ အရပ်ရပ်က တောင်းဆိုလာကြ၊ တွန်းပို့လာကြသည့် အချိန်တွင် ကရင် လက်နက် ကိုင် အဖွဲ့များအားလုံး ရင်ကြားစေ့ကြဖို့၊ သွေးစည်းကြဖို့ရန် အပူတပြင်း လိုအပ်နေပြီ ဖြစ်သည်။ ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ ကရင်အမျိုးသားများ တနှစ်တကြိမ် ပြန်လည် ဆုံစည်း ကြသည့် ယခုနှစ် အစည်းအဝေး မတိုင်မီမှာပင် ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်နှင့် ပုဂ္ဂိုလ်အချို့ ဒီကေဘီအေနှင့် KNU/KNLAကရင်ငြိမ်းချမ်း ရေးကောင်စီအဖွဲ့တို့သို့ သွားရောက် ဆွေးနွေးညှိနှိုင်းခဲ့ ကြောင်း ကြားခဲ့ကြရသည်။ ယခင်ကလည်း တွေ့ဆုံ ညှိနှိုင်းခဲ့ကြဖူးပြီး၊ ထိုညှိနှိုင်းမှုများ၏ အကျိုးဆက် အဖြစ် ကရင် လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေး ကော်မတီကို ကေအဲန်ယူ၊ ဒီကေဘီအေ၊ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီ၊ ဟောင်သရောအထူးဒေသ၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့ဖြင့် မေ (၂၈) ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကရင်အမျိုး သားတို့၏ ညီညွတ် ရေးသတင်းကို ကရင်လူထု ၀မ်းမြောက်ကြ၏။

မကြာမီက တွေ့ဆုံခဲ့သည့် ကေအဲန်ယူ၊ ဒီကေဘီအေ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ သုံးပွင့်ဆိုင် အစည်းအဝေးတွင် သဘောတူညီချက် ၂ရပ် ချမှတ်နိုင်ခဲ့ကြသည်။ အဓိက အရေးကြီး သောသဘောတူညီချက် တွေ ဖြစ်၏။ ကရင့်အမျိူးသား တပ်မတော် တခုတည်း ဖြစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ မူတခုတည်း ထားရှိရေး တို့ ဖြစ်သည်။

UNFCက တပြည်လုံးအတိုင်းအတာဆောင်သည့် တိုင်းရင်းသား ညီလာခံတရပ် မကြာမီ ရက်များအတွင်း ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ကြားသိကြရပြန်သည်။ ပြည်တွင်းပြည်ပ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများ စုံစုံညီညီ တက်ရောက်ပါ၀င်နိုင်ကြမည် ဖြစ်သည်။ ညီလာခံကျင်း ပမည့် ရည်ရွယ်ချက်များအတိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမို အားကောင်း လာစေပြီး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိကာ၊ တိုင်းရင်း သား တော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများ အား ကောင်းစွာ ဆက်စပ် ပူးပေါင်း ဆောင်ရွက်မှုဖြင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် လုပ်ငန်းစဉ်များ ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရလေသည်။

(၁၀)
ပြီးခဲ့သည့်လထဲ လက်ပံတောင်းတောင် နယ်မြေအတွင်း ကိုယ့်လယ်ကိုယ်ထွန်ကြသည့် ဒေသ ခံ တောင်သူ လယ်သမားများအား စစ်အုပ်စု၏ လက်ကိုင်တုတ် ပုလိပ်အဖွဲ့က တားမြစ်ရိုက်နှက်ကာ ပလပ်စတစ်ကျည် ဆံများ မျက်ရည်ယိုဗုံးများ သုံးပြီး ဖြိုခွဲသည့် သတင်းကို ကြားရပြန်သည်။ ဒေသခံ ဘုန်းတော်ကြီး မိန့်ကြားသည့်စကားများထဲတွင် နယ်ချဲ့ကိုလိုနီခေတ်ကပင် လူထုအတွက် မြေယာ လျော်ကြေးများကို ထိုက်တန်စွာ ပေးခဲ့ပြီး၊ ယခုလို အမျိုးသားအစိုးရ အုပ်ချုပ်သည့် ခေတ်မှာတော့ လူထုအပေါ် လုံးဝညှာတာ ထောက်ထားမှု မရှိကြောင်းများ ပါရှိသည်။

တိုင်းရင်းသားတို့ဒေသထဲ စီးပွားရေးလုပ်ငန်းများ ခြေရှုပ်လာနေ၏။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မဟုတ်ပဲ ဒေသတွင်းမှ သယံဇာတတွေကို တူးဖော်ထုတ်ယူနေကြသည်။ ကျွန်း၊ ပျဉ်းကတိုး၊ သစ်မာ သစ်တောတွေကို လက်ညှိုးထိုး ရောင်းချ ခုတ်လှဲစေကာ၊ သဘာဝဓာတ်ငွေ့၊ ရေနံ၊ မာဘယ် ကျောက်၊ ရွှေ၊ ပလက်တီနမ်၊ ကျောက်စိမ်း ပတ္တမြားနှင့် ကျောက်မျက်ရတနာ အစရှိသည့် သဘာဝ သယံဇာတအရင်းအမြစ်တွေကို မြေလှန်ကော် ထုတ်နေကြ၏။ တောတောင်များ ပြုန်းတီးသွား၍ အကျင်္ီ ချွတ်ပြီးသား ဖြစ်သွားသောဒေသများ အား အရေခွံဆုတ်ကာ ဗိုက်ဖောက်ထုတ်ယူနေခြင်း ဖြစ်သည်။

မြန်မာကုမ္ပဏီတွေကော နိုင်ငံခြားကုမ္ပဏီတွေပါ ၀င်လာပြီး မြေယာသိမ်းယူမှုတွေလည်း ပို၍ များပြားလာနေ ၏။ သတ္တုတွင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးကုမ္ပဏီများကြောင့် ဒေသခံတို့၏ လယ်မြေ ဆုံးရှုံးမှုများမြင့်တက် လာရသည်။

DKBA-pic

ငြိမ်းချမ်းရေးအယောင်ပြ မြေယာလုယက်သိမ်းယူခံရသည့်အဖြစ်၊ သစ်တောများ ပျက်စီးဆုံးရှုံး ရသည့်အဖြစ်၊ မြစ်ချောင်းများကို ရေကာတာများဖြင့် ပိတ်ဆို့ခံရသည့်အဖြစ်များ စိုးရိမ်ဖွယ်ကောင်း လောက်အောင် ဖြစ်ပျက်နေကြ၏။ ထိုကိစ္စများအပေါ် စစ်အုပ်စုသမ္မတအဖွဲ့မှ အရေးယူဆောင်ရွက် ပေးရန် လက်နက်ကိုင် အဖွဲ့များ အပါအဝင် တိုင်းရင်းသား အဲန်ဂျီအို အဖွဲ့အစည်း ၄၀ကျော် နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ တောင်းဆိုထားသည်။ သဘာဝအရင်းအမြစ် ပိုင်ဆိုင်မှု ပြဿနာများနှင့် ပတ်သက်၍ မျှတသော အဖြေတခုရရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။

(၁၁)
“အပစ်အခတ်ရပ်စဲလိုက်ရုံနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ ပြဿနာတွေ ရှင်းသွားပြီး လူနေမှု ဘဝ တိုးတက်လာပြီလို့ ပြောလို့မရဘူး”
“တဘက်နှင့်တဘက် အပစ်အခတ် ရပ်စဲလိုက်ပြီ ဆိုတာနဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးဆက်ကို ပြည်သူတွေ အမှန်တကယ် ရရှိဖို့လို့ လိုအပ်တယ်”
“နှစ်ပေါင်း၆၀ကျော် ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထဲမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ အများကြီး ချုပ်ဆိုခဲ့ပြီးတော့ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြတယ်”
“ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အခြေအနေကောင်းတွေ ရရှိလာဖို့ဆိုရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးဟာ သိပ်ပြီး အရေးကြီးတယ်”
“စေ့စပ်ဆွေးနွေးရေး လုပ်ကြတဲ့ နှစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့ ဒေသခံပြည်သူလူထုရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်၊ လိုအပ်ချက်တွေကို ထည့်သွင်း စဉ်းစားကြရမှာ ဖြစ်တယ်”
ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် အိုးအိမ်ရပ်ရွာ စွန့်ခွာ ရှောင်တိမ်းကာ ဒုက္ခရောက်နေကြရသော တိုင်းရင်းသားတို့ထံ သွားရောက် ကူညီလှူဒါန်းနေသည့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟေးဆာဆာ ကာဝါစံ ပြောခဲ့သော စကားများ ဖြစ်သည်။

ယုံကြည်မှုတည်ဆောက်နေသည့်ကိစ္စမှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ကေအဲန်ယူအဖို့ စစ်အုပ်စုနှင့် ပဏာမအဆင့် အပစ်ရပ်သဘောတူညီမှု သက်တမ်း တနှစ်ကျော်လာခဲ့သည့်တိုင် တဘက်နှင့်တဘက် တကယ်တမ်း ယုံကြည်မှု မရကြသေး။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရ မည့် ကိစ္စမှာမူ ပိုမို ဝေးကွာနေဆဲပင် ဖြစ်လေသည်။

အဘယ့်ကြောင့် ငြိမ်းချမ်းရေး မရနိုင်ရသနည်း။ အဘယ့်ကြောင့် ငြိမ်းချမ်းရေးနှင့် ကွာလှမ်းကာ ပြည်တွင်း စစ်များနှင့်ချည်း နပမ်းလုံးနေခဲ့ရသနည်း။ ငြိမ်းချမ်းရေးကို လူတိုင်း နှစ်သက်လိုလားကြသည်ဟုဆိုသော် လည်း ထို “လူတိုင်း” ထဲတွင် စစ်အုပ်စု ခေါင်းဆောင်များမပါ ဟု ပုဂ္ဂိုလ် အချို့က ဆို၏။ ၎င်းတို့ကစစ်အစိုးရ သည် ကျူးကျော်တိုက်ခိုက်မှုများ၊ အကြမ်းဘက် နှောက်ယှက် စော်ကားမှု များ၊ လုယက်သိမ်းယူမှုများ နှင့် ယဉ်ပါးအသားကျနေကြသူများပီပီ၊ နိုင်ငံ့အာဏာကို လက်နက်ဖြင့် အဓမ္မရယူ ခဲ့ကြပြီး၊ ထိုအာဏာတည်မြဲ ရေးအတွက် ကောက်ကျစ်သော နည်းလမ်းမျိုးစုံဖြင့် ချုပ်ကိုင် ထိန်းသိမ်းရန် အမြဲတစေ ကြံစည်လုပ်ကိုင် နေသူတွေ ဖြစ်ကြောင်း၊ လူထုအနေဖြင့် ၎င်းတို့ဘာလဲ ဆိုသည်ကို အခြေခံကျကျ ပြန်လည် စဉ်းစားကြည့်ဖို့ လိုကြောင်း ပြောကြသည်။ ကြံ့ဖွံ့ရာဇဝင် နှင့်ပတ်သက်၍ပြည်ပ ရောက် ကျောင်းဆရာတစ်ယောက်၏ အမြင်ကတော့ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။

အရပ်ဝတ်အရေခြုံ သမ္မတသိန်းစိန်အစိုးရမှာ တကယ်တမ်းလူထုက ရွေးကောက် တင်မြှောက် လိုက်သည့် တရားဝင် အစိုးရ အစစ်အမှန် မဟုတ်ကြောင်း။ ၎င်း၏ ကြံ့ဖွံ့ပါတီသည်လည်း တကယ့် နိုင်ငံရေးပါတီ အစစ်အမှန်မဟုတ်၊ အင်ဒိုနီးရှားမှ ဂေါ်ကာအသင်းလို အစိုးရ လက်ကိုင်တုတ် လူမှုရေးအသင်းအဖွဲ့ တရပ်သာ ဖြစ်ကြောင်း။ အရပ်သား၊ အစိုးရဝန်ထမ်းနှင့် ကျောင်း သားကျောင်းသူမကျန် ကြံ့ဖွံ့အသင်းထဲသို့ မဝင်မနေရ ဖိအားပေး၍လည်းကောင်း၊ အခွင့်အရေးပြ၍ လည်းကောင်း ၀င်ခိုင်းပြီး၊ လူထုဆန္ဒဖော်ထုတ်ပွဲများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ရှုံ့ချပွဲများ စသဖြင့် ၎င်းတို့ အလိုကျ အသုံးချခဲ့သည့် အသင်းအဖွဲ့သာ ဖြစ်ကြောင်း။ ၀န်ထမ်းများ ပါတီနိုင်ငံရေးနှင့် ကင်း ရှင်းရမည်ဟုဆိုပြီး ၎င်းတို့ဖွဲ့ထားသည့် ကြံ့ဖွံ့အသင်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် ဌာနဆိုင်ရာ ရုံးအဖွဲ့အသီးသီးမှ ၀န်ထမ်းများက အဓိကပါ၀င်ကြောင်း။ ဥက္ကဌ လုပ်သော ဦးသိန်းစိန် ကိုယ်တိုင်ပင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေခဲ့သူ ဖြစ်ကြောင်း။ တသက်လုံး မလုပ်တာ လုပ်လေ့ရှိသူ တို့၏ ထုံးစံအတိုင်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ပါတီများ ဖွဲ့စည်း မှတ်ပုံ တင်ရာတွင် အခြား ပါတီအဖွဲ့အစည်းများကို ကန့်သတ်မှုများလုပ်ခဲ့သော်လည်း ကြံ့ဖွံ့ကိုတော့ နှစ် ကြိမ်ပြန်လည် မှတ်ပုံတင် လျှောက်ထားစရာမလိုပဲ ခြွင်းချက်မရှိ ခွင့်ပြုခဲ့သည့်အဖြစ်မှာ ဗမာတပြည် လုံးကိုသာမက ကမ္ဘာက စောင့်ကြည့်နေကြသူများကိုပါ မျက်နှာပြောင်တိုက် စော်ကားလိုက်ခြင်း ဖြစ် ကြောင်း ။

ရွေးကောက်ပွဲတွင်လည်း ၎င်းတို့လုပ်နေကျ မဲလိမ် မဲခိုးနည်းများဖြင့် ပြိုင်ဘက်မရှိ အနိုင်ရခဲ့ပြီး၊ ကြံ့ဖွံ့ပါတီ၏ ဥက္ကဌက သမ္မတအဖြစ် တာဝန်ယူလာခဲ့ကြောင်း။ ၎င်းတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး နှင့် တိုင်းပြည်ကို ဆက်လက်ချုပ်ကိုင်နိုင်ရေး အတွက် ၎င်းတို့ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ကိုလည်း လူထုက လက်မခံကြောင်း။ လူထုလက်မခံသည်ကို လက်ခံသ ယောင် ထုံးစံအတိုင်း လုပ်ယူမည့် အတုအယောင် လူထုဆန္ဒခံယူပွဲကိုလည်း ပြည်သူအများအပြား နာဂစ်မုန်တိုင်းဒဏ်ခံရ၍ ရက်ရွှေ့ကျင်းပရန် တင်ပြကြသည်ကြားက ဇွတ်အတင်း လုပ်ခဲ့ကြသူများ ဖြစ်၍၊ လူထု မထောက်ခံသည့် ၎င်းတို့အစိုးရ အဖွဲ့ကော ၎င်းတို့၏ အခြေခံဥပဒေပါ တရားဝင်မှု မရှိကြောင်း ကျောင်းဆရာက ပြောလေသည်။ ထိုသို့သော အရပ်ဝတ်အရေခြုံ စစ်အစိုးရက ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို အကျယ် ချုပ်မှ လွတ်လာသော ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင် ရွေးကောက်ပွဲမဝင်ပဲ နေခဲ့သည့် အပေါ် လူထုအများစုက ကျေနပ်နှစ်ခြိုက်ခဲ့သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို အလျှော့ပေးပေါင်းပြီး၊ ပါတီထောင်လျက်၊ စစ်အုပ်စု၏ ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ကာ၊ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး စစ်အုပ်စုကြီးစိုးသည့် လွှတ်တော်ထဲမှနေ၍ ဆွေးနွေးညှိနှိုင်းဖို့ရန် ပြောင်းလဲ ကြံစည်လာခဲ့သည့်အခါမှာတော့ သူမအပေါ်ထားရှိသော ၎င်းတို့၏ ယုံကြည်အားကိုး မျှော်လင့်မှုများမှာ သိသာစွာ လျော့ပါးသွားခဲ့ကြလေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်နည်းကားမျိုးကို တိုင်းရင်း သား တော်လှန်ရေး အင်အားစုများအနေဖြင့် ကြံစည် လုပ်ကိုင်၍ မဖြစ်။

သမ္မတဖြစ်လာလျှင် အခြေခံဥပဒေကို ပို၍ ပြင်နိုင်ပြီး လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာလိမ့်မည်ဟု ထင်မှတ်ထား သော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခု စစ်အုပ်စုသည် နိုင်ငံ့အာဏာကို ၀န်ကြီး ချုပ်ထံမှသိမ်းယူကာ နိုင်ငံတော်သမ္မတကိုပင် ဖမ်းဆီး ထောင်ချခဲ့သော ယခင် တော်လှန်ရေးကောင်စီ စစ်အုပ်စု၏အဆက် အနွယ်များ ဖြစ်ကြောင်း သတိရှိ မှတ်မိ ဖို့ရန် လိုအပ်မည် ဖြစ်လေသည်။ မကြာမီက သမ္မတအဖွဲ့နှင့် ကြံ့ဖွံ့ပါတီအတွင်း အပြောင်းအလဲတွေ လုပ်ကြ၊ နှုတ်ထွက်ကြ၊ နေရာယူကြသည့် သတင်းတွေ ထွက်လာ သည်။ ဦးရွှေမန်း ကာလုံအစည်းအဝေး ခေါ်သည်ဟုလည်း ကြားရသည်။ မျိုးစောင့်ဥပဒေဖြင့် လူထုအတွင်း အငြင်းပွားစရာ ပြဿနာကို ဖန်တီးလျက် အခြား ပြဿနာကြီးများဆီ ဦးမတည်နိုင်အောင် လမ်းကြောင်းလွှဲ တာကိုလည်း တွေ့ရသည်။ လယ်သမား တွေကို မြေပြန်ပေးမည် ဆိုပြီး မပေးသည့် ပြဿနာတွေ ရှိနေသည်။ မိုးလယ်ရောက်သည့်တိုင် လယ်သမားတွေ ကိုယ့်လယ် ကိုယ် ထွန်ခွင့်မရသေး။ မိုးလွန်မှ ထွန်ချ၍တော့ အငတ်ဘေး ကြံုရဖို့သာ ရှိသည်။ လယ်သမား နိုင်ငံဖြစ်သော ဗမာပြည်မှာ လယ်သမားတို့ အကြီးအကျယ် အဖိနှိပ် အစော်ကား ခံနေကြရ၏။

စစ်အုပ်စုက လယ်မြေတွေကို မတရားသိမ်းပိုက် ထားသည်မှာ ဧက ၆သန်းကျော် ရှိကြောင်း သိရသည်။ ကချင်ပြည်နယ်မှ လယ်သမားများအရေး ဆောင်ရွက်နေသော ဒေါ်ဘောက်ဂျာအား လွန်ခဲ့သော လေးနှစ်၊ ကာယကံရှင်က ကျေနပ်ပြေငြိမ်းပြီးသည့် ဆေးကုရင်းလူသေစေမှု၊ လိုင်စင်မဲ့ ဆေးပစ္စည်းကိုင်ဆောင်မှု၊ ဆေးဝါးများ ထားရှိမှုတို့ဖြင့် မဟုတ်မတရား ပုဒ်မများတပ်ကာ ဖမ်းဆီးလျက် အမှုရင်ဆိုင်နေစေသည်။ လွန်ခဲ့သော လေးနှစ်က ဖြစ်ပွားတိုင်ကြားခဲ့သည့် ထိုကိစ္စကို ကာယကံရှင် တွေက ကျေနပ်ပြေငြိမ်း ရုတ်သိမ်း သွားခဲ့ပြီး ဖြစ်သော်လည်း ဖားကန့်ပုလိပ်နှင့် အာဏာပိုင်အချို့က အမှုပြန်လုပ်ကြခြင်း ဖြစ်သည်။ တနိုင်ငံ လုံးနီးပါး ဖြစ်ပွားနေသော လယ်သမားကိစ္စ ကူညီဆောင်ရွက် မှုဖြင့် မဖမ်းဆီးပဲ မဟုတ်မတရား ပုဒ်မများဖြင့် လုပ်ကြံကာ သူမ၏ လှုပ်ရှားမှုများကို ထိန်းချုပ် နှောက်ယှက်လိုက်ခြင်းသာ ဖြစ်၏။ ဧရာဝတီ မြစ်ဝကျွန်းပေါ် အပါအဝင် ဗမာပြည်အနှံ့အပြား လယ်သိမ်းခံ မြေသိမ်းခံတို့၏ မကျေနပ်ချက်တွေမှာလည်း တစထက်တစ ကြီးမားလာနေပြီ ဖြစ်သည်။ ငြိမ်းချမ်းစွာ ထွန်တုံးတိုက်ပွဲဝင်သည်ကို တားမြစ် ဖမ်းဆီးမှုများ၊ စစ်အုပ်စု၏ ခရိုနီများက လူမိုက်မွေး ပြီး ဆန္ဒပြသူများ ထွန်တုံးတိုက်ပွဲဝင်သူများကို ဓားဖြင့်လိုက်ခုတ်ခိုင်းသည့် အဖြစ်များ ပေါ်ပေါက်ခဲ့ သည်။ ထိုပြဿနာသည် မသေး။ မပြီးပြတ် မကျေလည်သေးသော လက်ပံတောင်းတောင် အရေးကိစ္စ လိုပင် မကြာမီလများအတွင်း အုံကြွပေါက်ကွဲလာနိုင်သည့် အခြေအနေ ရှိနေ၏။

Cartoon-for-feature
(၁၂)
ပြီးခဲ့သည့်လအတွင်း သောင်မတင်ရေမကျ လိပ်ခဲတည်းလည်း ဖြစ်နေသည့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆုံဆည်းမြိုင်တွင် ဒီကေဘီအေက ကမကထပြု ကျင်းပသော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ၌ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအချို့၊ ၈၈ ကျောင်းသားအချို့၊ဂိုဏ်းပေါင်းစုံ သံဃာတော်အချို့၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ နှင့် တသီးပုဂ္ဂလများ အပါအဝင် ကိုယ်စားလှယ် ၃၀၀ကျော် တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အဖြေရှာရုံသက်သက်မဟုတ်ပဲ ဒီမိုကရေစီ ရေး တိုးတက်ရန်နှင့် အမျိုးသားသွေး စည်းညီညွတ်ရေး ပိုမို ခိုင်မာစေရန် ဦးတည်ကျင်းပခြင်းဖြစ်သည် ဟု ဒီကေဘီအေက ဆို၏။ဆွေးနွေးညှိနှိုင်း ရာတွင် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်သည့် စကားများ ပြောဆိုလာ မှုအပေါ် နေရာအတော်များများမှာ လက်ခံလာကြပြီ ဖြစ်သည်။ ပြည်နယ်ပေါင်းစု ပြည်ထောင်စု စစ်စစ်တွင် ပြည်ထောင်စုအစိုးရ၌ ပြည်နယ်များမှ အချိုးကျ ပါ၀င်သော ပြည်ထောင်စုစစ်တပ်ရှိမည် ဖြစ်ပြီး၊ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရှိသည့် ပြည်နယ် အသီးသီးတွင်လည်း မိမိတို့၏ စစ်တပ်များ ရှိရမည် ဖြစ်သည်။ တရုတ်ပုံစံမျိုး စစ်တပ် တစ်တပ်တည်း ဖြစ်ရေးကို ပြည်ထောင်စုစစ်စစ်စနစ်က လက်မခံ။ ပြည်နယ်များ၌ လက်နက်ကိုင်တပ်များ ရှိထားခြင်းအားဖြင့်၊ အနိုင်မကျင့်နိုင်အောင်၊ မဟုတ်မတရား မကျူးကျော်နိုင်အောင် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး၊ တဦးပေါ်တဦး လေးစားစွာ ဆက်ဆံမှုဖြင့် ရေရှည် တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်လိမ့်မည် ဖြစ်၏။

ယခုလ လလယ်ပိုင်းက ပြည်ပရောက် အရေခြံု သမ္မတသိန်းစိန်က ဗမာပြည်မှာ ရက်ပိုင်းအတွင်းလက်နက် ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းတော့မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် မကြာမီမှာပင်၊ နှစ်အတန်ကြာမျှ အပစ်အခတ်ရပ်စဲခဲ့ပြီးဖြစ်သော မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲတွေ ပြန်၍ ဖြစ်ကြောင်း ကြားကြရသည်။ ရှမ်းမြောက်ပိုင်းရှိ ကေအိုင်အိုတို့ ပလောင်အဖွဲ့တို့နှင့်လည်း တိုက်ပွဲတွေ ဖြစ်နေ ကြောင်း ကြားရသည်။ RCSS ကိုလည်း သွာရောက် ကျူးကျော် တိုက်ခိုက်ကြောင်း ကြားရပြန်ပါသည်။ တိုင်းရင်းသားများအနေဖြင့် တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စအပေါ် ဒွိဟ သံသယ ရှိနေဆဲ ရှေ့နောက် မညီသော ဤအဖြစ် များကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စမှာ ဆက်လက် နှောင့်နှေးနေလိမ့်ဦးမည် ဖြစ်၏။ အုပ်ချုပ်ရေးပိုင်းက တမျိုးပြောပြီး စစ်ရေးပိုင်းက တမျိုးလုပ်နေသည့် အတွက်တဘက်နှင့်တဘက် စောင့်ကြည့်နေကြသော ယုံကြည်မှု တည်ဆောက်ရေးမှာ ယိုင်နဲ့နဲ့ဖြစ်နေလေ သည်။

ယခုအနေအထားက လူထုတင်မြှောက်သည့် အစိုးရ အစစ်အမှန်မဟုတ်သော အရပ်သား အရေခြံု စစ်အစိုးရကို လက်ရှိအခြေအနေအတိုင်း အသိအမှတ်ပြုရမှာ ဖြစ်ပြီး၊ ၎င်းတို့ စစ်အုပ်စု၏ အတိတ်ကအမှား အယွင်းများကို ဘာတခုမျှ ပြန်လည်ဖော်ထုတ် အရေးယူမှုတွေ မလုပ်တော့ပဲ၊ သင်ပုန်းချေ ကျေအေးရန်နှင့် ဒီမိုကရေစီရေး တိုင်းရင်းသား အရေးကိစ္စများနှင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေး၊ တိုင်းရင်း သားများနှင့်အပစ် အခတ်တွေရပ်စဲကာ နိုင်ငံရေးအရဖြစ်သော ပြဿနာကိုနိုင်ငံရေး နည်းဖြင့် ဆွေးနွေး အဖြေရှာကာ ရေရှည်တည်တံ့ခိုင်မြဲ မည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော် တည်ဆောက်ဖို့ရန် လုံးပမ်းနေသည့် အနေအထား ဖြစ်၏ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပဋိပက္ခ ဖြစ်ခဲ့ကြသူချင်း တဦးကိုတဦး အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန် လေးစားလျက်ယုံကြည်မှု တည်ဆောက်ရေး စသည့် စကားလုံးများမှာ နားထောင်ကောင်းသလောက် လက်တွေ့လိုက်နာလုပ် ဆောင်နိုင်ဖို့ အတော်ပင် ခက်ခဲမည် ဖြစ်သည်။ ဘိုးစဉ်ဘောင်ဆက် အနှစ်နှစ်အလလ တင်ရှိလာခဲ့သည့် အမုန်းတရားများကို သဘောထားကြီးစွာ ခွင့်လွှတ်ကျေအေးရမည့် ကိစ္စသာမက၊ တိုင်းပြည့်ဘဏ္ဍာများ၊ သယံဇာတများကို မောင်ပိုင်စီး သိမ်း ယူလျက် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအား ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံများစာရင်းသို့ တွန်းပို့ ဖိနှိပ်ခဲ့သော မဟုတ်မတရားလုပ်ရပ်များကိုပါ သည်းခံရမည့် ကိစ္စရပ်တွေ ရှိနေသည်။

ထိုကိစ္စရပ်များနှင့် တိုင်းရင်းသား ပြည်သူလူထု၏ ရပိုင်ခွင့်အခွင့်အရေးများကို အထိုက်အ လျောက် ပြေလည်အောင် မဖြေရှင်းပဲ ငြိမ်းချမ်းစွာ ရင်ကြားစေ့ရေး မဖြစ်နိုင်။ တဦးပေါ်တဦး အသိအ မှတ်ပြု လေးစားကြောင်းပြကာ၊ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အပေါ်ယံကြော ပြုမူပြောဆိုရုံ မည်ကာမတ္တဖြင့် လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံရေးယဉ်ကျေးမှုသစ် သဘောထား ကိုအကောင် အထည်ဖော်၍ မရနိုင်ချေ။

တဦးပေါ်တဦး လေးစားမှုအခြေခံမှာ နေရာတိုင်းတွင် ရှိနေရမည် ဖြစ်သည်။ တကယ်တမ်း အရေးကြီးတာက တဦးကိုတဦး လေးစားကြောင်း ပြောဆိုရုံဖြင့်မပြီးပဲ အလုပ်ဖြင့် သက်သေပြကြဖို့ လိုသည်။ရှိနှင့်ထားပြီးဖြစ် သော အဖြေကို တဦးနှင့်တဦး အကြေအလည် ညှိနှိုင်းဆွေးနွေးကာ ထုတ်ယူကြရမည် ဖြစ်သည်။ ယုံကြည်မှု တည်ဆောက်ရေးတွေ ဘာတွေ အထူးတလည် ပြောနေစရာ မလို။ စိတ်စေတနာ မှန်ကန်စွာ ပြုမူ ပြောဆို လုပ်ကိုင်လျှင် ယုံကြည်မှုမှာ အလိုလို တည်ဆောက်ပြီး သား ဖြစ်နေလိမ့်မည်။ အပြောတမျိုးအလုပ်တမျိုး လုပ်နေလျှင်တော့ ဘယ်သောအခါမျှ ယုံကြည်မှုကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်။

ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲပြီး၊ နိုင်ငံရေး ဆွေးနွေးကြရန် KNUနှင့် RCSS/SSA တို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်၏။ တွေ့ဆုံဆွေးနွေးရာတွင် ကေအဲန်ယူ နှင့် အာရ်စီအက်စ်အက်စ်တို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီရေး အသင်းအဖွဲ့များ ပါ၀င်မှုကို ကြိုဆို လက်ခံနိုင် သော်လည်း နှစ်ဘက် ဆွေးနွေးနေစဉ်အတွင်း ကြားဝင်ညှိနှိုင်းပေးမှုမျိုးကို မလိုအပ်ဟု ဆိုကြ၏။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလိုသည့် သဘောထားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်လေသည်။

ညှိနှိုင်းဆွေးနွေးနေသည့် တချိန်တည်းမှာ စစ်ရေးကိုလည်း အသင့်ပြင်ထားရမည်ဟူသော ဗိုလ်မှူးကြီးနယ် ဒါးမြ၏ တပ်လှန့်သံကိုလည်း ကြားလိုက်ရသည်။ စစ်ရေးကတော့ အမြဲတမ်း အသင့်ရှိ နေရမည် ဖြစ်သည်။ စစ်ရေးထောက်ကူမှု မရှိလျှင် နိုင်ငံရေး နောက်ကောက်ကျလိမ့်မည် ဖြစ်၏။ အမျိုးသားရေးကိုယ်ပိုင်ပြဌာန်း ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသော တိုင်းရင်းသား အဖွဲ့ အစည်းများအနေဖြင့် မိမိတို့ အမျိုးသားထု၏ မျက်နှာကို ထောက်ထား ဆောင်ရွက်ကြရမည် ဖြစ် သည်။ အမျိုးသားရေး အမြင်ကျဉ်းမြောင်းမှု မရှိပဲ၊ တကမ္ဘာလုံးဆိုင်ရာ သဘောထားအမြင်များ၊ လူမျိုး မရွေး ဘာသာမရွေး လေးစားချစ်ကြည်မှုများ၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုများ၊ မိမိအမျိုးသား၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာကို မြတ်နိုးမှုများ အပေါ် အရင်းခံကာ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ပြေလည်အောင် ညှိနှိုင်းနိုင်ကြမည့် ခေါင်းဆောင်များကို အမျိုးသားထုက မျှော်လင့်နေကြ၏။

(၁၃)
ထမ်းစင်ဖြင့် သယ်ထုတ်သွားခြင်းခံရသော နာမည်ကျော် လက်ဝှေ့သမားတဦး၏ နောက်တွင် သူ့ကို အားပေးကူညီနေကြသူများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရောင်းရင်း မိတ်ဆွေများနှင့် သူ့ကို မှီခိုအားထား နေသော ဇနီးသားမယား ဆွေမျိုးသားချင်းများ၏ ဆုံးရှုံး ကြေကွဲရမှုများပါ တသီတတန်းကြီး လိုက်ပါသွားလေသည်။

(၂၀၀၉၊ ဇန္နဝါရီ၊ ကရင်သတင်းစဉ်၊ M.ထက်ခေါင်၊ “ပခုံးထမ်းတာဝန်” ဆောင်းပါးမှ)

ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းများနှင့် ကရင်လူထုအနေဖြင့် ကေအဲန်ယူကို နိုင်ငံရေး အရ ဦးဆောင်မှု အခန်းကဏ္ဍတွင် နေရာပေးထားကြသည်။ ကေအဲန်ယူ ခေါင်းဆောင်များအနေဖြင့် လည်း ကရင့်အဖွဲ့အစည်းများ၏ ယုံကြည်အားထားမှုခံရသော၊ ကရင်အမျိုးသားထု အားကိုးမျှော်လင့် ရာ အဖွဲ့အစည်းအဖြစ် ခိုင်မာစွာ ရပ်တည်ပြီး၊ နိုင်ငံရေး ပြောင်းလဲမှုများနှင့်တပြေးညီ အမျိုးသားထုအ ကျိုး ရှေ့ဆောင်ဦးရွက်ပြုဖို့ရန် လိုအပ်မည် ဖြစ်လေသည်။

စစ်မြေပြင်တိုက်ပွဲမှာ အကြောင်းမညီညွတ်သောကြောင့် ရှုံးနိမ့်ဆုတ်ခွာရပြီ ဆိုလျှင်၊ ထိုနယ် မြေ၊ ထိုတိုက်ပွဲတပွဲအတွက်သာ ရှုံးခြင်းဖြစ်ပြီး အခြားနယ်မြေ အခြားတိုက်ပွဲများ၌ ပြန်လည် အနိုင်ရ ခြင်းများ ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းသော စားပွဲဝိုင်းတိုက်ပွဲ၌ တချက်ရှုံး လိုက်ပြီ ဆိုလျှင်တော့ နယ်မြေအားလုံးသာမက အလုံးစုံ ဆုံးရှုံးခြင်းဖြစ်ကြောင်း အဆိုအမိန့်မှာ စစ်ရေးနိုင်ငံရေး နှင့် ဆက်စပ် ပတ်သက် နေသူတိုင်း အဖန်ဖန်အခါခါ ကြားခဲ့ဖူးသော စကားလုံးများသာ ဖြစ်၏။ မည်သို့ပင်ဖန်တရာ တေအောင် အကြိမ်ကြိမ်အထပ်ထပ် ကြားခဲ့ဖူးသော်လည်း အလေးမထား ဂရုမမူ တတ်ကြ သောကြောင့် မကြာခဏ အငိုက်မိခံကြရသည့် အဖြစ်တွေကို မှတ်တမ်းမှတ်ရာများထဲ၌ တွေ့ရှိနိုင်ကြမည် ဖြစ်သည်။

နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသော စားပွဲဝိုင်းတိုက်ပွဲသည် အဆင့်အတန်းမြင့်သော ကြောက်မက်ဖွယ် တိုက်ပွဲဖြစ်၏။ ရန်သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ဘက်က သဘောထားစေတနာ မှန်ကန်ဖို့ လိုသည်။ ကိုယ့်ဘက်က ရယူဖို့ချည်း မကြည့်ပဲ သူ့ဘက်ကိုယ့်ဘက် မျှတသော အမြင်ရှိရမည် ဖြစ်ပြီး၊ တရားသေကိုင်စွဲမှုကိုလည်း ရှောင်ဖယ်နိုင်ရမည် ဖြစ်သည်။ ရန်သူ နှင့် လွတ်လပ်ပွင့်လင်း မျှတစွာ တန်းတူရည်တူ ဆွေးနွေးကြရာတွင် မိမိတို့ဘက်က အမျိုးသားထု၏ မျက်နှာကိုသာမက မဟာမိတ်များ၏ မျက်နှာကိုပါ ထောက်ထားကာ လေးနက် ပြတ်သားခိုင်မာ စွာ ပျော့ပျော့ပျောင်းပျောင်း ပြေပြေပြစ်ပြစ် ဆွေးနွေးကြရမည် ဖြစ်သည်။ ဆွေးနွေးပွဲအတွင်း မိမိတို့၏ အောင်မြင်မှု ရှုံးနိမ့်မှုများမှာ မိမိတို့ တစုတဖွဲ့တည်းနှင့် မဆိုင်ပဲ တမျိုးသားလုံးနှင့် သက်ဆိုင်နေ ကြောင်းကိုလည်း သတိကြီးစွာ ထားကြရမည် ဖြစ်သည်။

အမျိုးသားခေါင်းဆောင်များအနေဖြင့် အလိမ်အညာခံ၊ အနှပ်ခံရသည့် ကလေးကလား အဖြစ် မျိုး၊ ရန်သူကို လိုက်လျောလွန်လွန်းသည့် အဖြစ်မျိုး၊ သြဇာရှိသူ၏ ကြားဝင်ညှိနှိုင်းပေးမှုအပေါ် အားကိုး ယုံကြည်လွန်းသည့် အဖြစ်မျိုးများ မဖြစ်စေရေးအတွက် မိမိတို့ ပြုမူ ပြောဆို ဆုံးဖြတ်မှုများနှင့် ပတ်သက်သည့် ကောင်းကျိုး ဆိုးပြစ်များကို မျှဝေခံစားရမည့် မိမိအမျိုးသားထု၏ မျက်နှာများကို အခါမ လပ် မြင်ယောင်နေကြရမည် ဖြစ်လေသည်။

Most read this week