အရူးကြောက်သည့် ဆရာမများ ကျောင်းပျက် ကလေးပညာရေးထိခိုက်

အရူးကြောက်သည့် ဆရာမများ ကျောင်းပျက် ကလေးပညာရေးထိခိုက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရကျေးရွာ အလယ်တန်းကျောင်းခွဲတွင် စာပြနေသော ဆရာ ဆရာမ ၅ ဦးသည် အဆိုပါ ရွာရှိ အရူး ဗိုက်ပူ  ကို ကြောက်သည်ဟုအကြောင်းပြရာ ရက်ပေါင်း ၂၀ ကျော်ကျောင်းပျက်နေသဖြင့် ကျောင်းသားများ ပညာရေးထိခိုက်နေကြောင်း သိရသည်။

စိတ္တရ အလယ်တန်းကျောင်းခွဲ။

ယခုလ ၈ ရက်နေ့ ညနေ ၁၀ နာရီ ၄၀ ခန့်တွင် စိတ္တရ ကျေးရွာရှိ အရူးဗိုက်ပူသည် ဆရာမ ဒေါ်ချစ်ချစ်ဆွေ နေသော အခန်း တံခါးကို ဆောင့်တွန်းကာ ၀င်ရောက်ရန်ကြိုးစားသော ပြဿနာ တစ်ခု ဖြစ်ပွားခဲ့သဖြင့်   ဆရာ ဆရာမ (၅)ဦး ဖြစ်ကြသည့်   ဒေါ်ချစ်ချစ်ဆွေ (မ.လ.ပြ)၊  ဦးသန်းသန်းမောင်(အ.လ.ပြ)၊  ဒေါ်ဦးသိန်းရင် (အ.လ.ပြ)၊  ဒေါ်ညိုညိုစံ (အ.လ.ပြ) နှင့်  ဒေါ်ဆန်းမြင့်နွယ် (မ.လ.ပြ) တို့  ဇူလိုင်လ ၉ ရက်နေ့က စပြီး   ကျောင်းပျက်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုပါသည်။

၎င်းစိတ္တရရွာ အလယ်တန်း ကျောင်းခွဲတွင်  ဆရာ ဆရာမ ၁၂ ဦးရှိ ပါသည်။

“ အဲဒီ ကိစ္စကို ဆရာမတွေက ကျောင်းအုပ်ဆရာကြီးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးထံ တိုင်ကြား ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှုးက အရူးကိုခေါ်ပြီး နောက်နောင် ဒီလိုမလုပ်ဖို့ ဆုံးမ ပြောဆိုပါတယ်။ ဆရာမချစ်ချစ်ဆွေ အတွက်လည်း  လုံခြံုရေးချ ပေးပါ့မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဆရာမက တော့ ကျောင်းမတက် သေးပါဘူး ။ အဲဒီကိစ္စကို အခွင့်ကောင်းယူပြီး နောက်ထပ် ဆရာ ဆရာမ(၄) ဦးကလည်း   ကျောင်းပျက်ကွက်နေပါတယ်” ဟု ရွာသားက ဆိုသည်။

  အရူးက ရန်လိုပြီး အနှောင့်အယှက် ပေးမည်ကို စိုးရိမ်သဖြင့် ကျောင်းမတက်နိုင်ကြောင်း၊ ထို့ကြောင့် အရူးကို ဖမ်းဆီး ထောင် ချပေးစေလိုကြောင်း အဆိုပါ ဆရာ ဆရာမ များက ပြောဆိုသည်ဟုဆို၏။  သို့အတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ကျောင်းသားမိဘများ စုပေါင်းပြီး ရဲစခန်းကိုသွားပြီး တိုင်ကြားသဖြင့် ရဲစခန်းက အရူးအား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သူက ဆိုသည်။

“ အဲဒီအရူးက  မ ကောင်းတဲ့ နောက်ကြောင်း ရာဇဝင် ပြသာနာ တစ်စုံတစ်ရာ မရှိ ပါဘူး။  အခုပြသာနာက တံခါးကို ဆောင့်တွန်းမှု တစ်ခုတည်းနဲဲ့ အမှုဖွင့်ပြီး  ထောင်ချလို့ မကောင်းသလို  ထောင်ချလို့လဲ မရဘူး လို့ ရဲစခန်းက ပြောပါတယ် ။ အဲဒီ အရူးကို ရဲစခန်းမှာ  (၇)ရက် ကြာ ထိန်းသိမ်းထားခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ဆက်ပြောသည်။

၎င်းပြင်သူက “ အဲဒီအရူးကလည်း  နောက်နောင် ဒီလို မလုပ်တော့ ပါဘူးလို့ ပြောပါတယ်။  အဲဒီ ဆရာမ တွေ ဖြစ်စေချင် တဲ့ ဆန္ဒအတိုင်း အကုန်လုံးကို ရွာသားတွေဘက်က အားလုံး လုပ်ပေးထားပြီပါပြီ။ အဲဒါတောင်  အဲဒီဆရာ မ(၅)ဦးဟာ ကျောင်းမတက်ပဲ ကျောင်းပျက် နေကြတုန်းပါပဲ” ဟု ရွာသားကဆိုသည်။

 ဆရာ ဆရာမ အားလုံးအတွက် တာဝန်ယူကြောင်း  အုပ်ချုပ်ရေး အဖွဲ့က ပြောသော်လည်း   ဆရာ ဆရာမ (၅) ဦး ကျောင်းမလာသေးဘဲ ဆက်လက်ပျက်ကွက်နေသဖြင့် ကျောင်းသား မိဘများမှာ သားသမီးများ ပညာရေးအတွက် စိတ်ပူပြီး ရင်တတ် မအေးဖြစ်နေရကြောင်း သတင်း ရရှိသည်။

Most read this week