မြန်မာနိုင်ငံသည် လာမည့်ဘဏ္ဍာနှစ်တွင် ကျွန်းသစ်တန်ချိန် ၈၃၀၀ ခန့်နှင့် သစ်မာတန်ချိန် ၅၇၀၀၀ ခန့် လျှော့ထုတ်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း၏ ဇူလိုင် ၂၉ ရက်က လွှတ်တော်တွင် ဖြေကြားချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကျွန်းသစ်တန်ချိန် ၂၇၀၀၀၀ ခန့်နှင့်၊ သစ်မာတန်ချိန် ၁၃၅၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ယခုနှစ်တွင် ထိုပမာဏထက် လျှော့ထုတ်ရန် လျာထားခြင်းဖြစ်သည်ကို ၀န်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တန်အချို့ကို လျှော့ချထုတ်လုပ်ဖို့ စီမံထားပါတယ်” ဟု ဆိုသည်။
မကွေးတိုင်းမှ အထက်လွှတ်တော်အမတ် ဦးလှဆွေက ရောင်းတမ်းမဝင်သော သစ်လုံးများ ခုတ်လှဲသည့် တန်ချိန်နှင့်ရောင်းတန်းမဝင်သည့် သစ်များကို ခုတ်လှဲခွင့်ပြုသည့် ၀န်ထမ်းများနှင့် ခုတ်လှဲသည့် ကုမ္ပဏီတို့ကို မည်သို့ အရေးယူမည်နည်းဟု ထိုနေ့က မေးမြန်းရာ ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် ထိုကိစ္စများကို ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
ထိုကိစ္စကို ၀န်ကြီးက ရောင်းတမ်းမဝင်သည့် သစ်များကို ခုတ်လှဲခြင်းမရှိကြောင်း ခုခံ ပြောကြားခဲ့ပြီး ရှိပါကလည်း သစ်တောအရာရှိများ၊ ၀န်ထမ်းများကို တာဝန်မှရပ်စဲပြီး လုပ်ငန်းရှင်များကိုလည်း ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေဖြင့် တရားစွဲသည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
သို့သော် အရေးယူသည့် ၀န်ထမ်းနှင့် ကုမ္ပဏီလုပ်ငန်းရှင် မည်မျှရှိသည်ကိုမူ ၀န်ကြီးက ထည့်မပြောသွားခဲ့ သလို သစ်ဆိပ်များသို့ ၀င်ထွက်နေသော သစ်လုံးများကို စနစ်တကျ စာရင်းဇယား မှတ်သားထားပြီး ပျောက်ပျက် လေလွင့်မှု မရှိသလို ရောင်းချပြီး ရရှိသည့် ငွေကြေးများသည်လည်း တစ်ပြားတစ်ချပ်မှ လေလွင့်ခြင်းမရှိ”ဟု ၀န်ကြီးက ဆိုုပြန်သည်။
ရောင်းတမ်းမဝင်သည့် သစ်များကို ခုတ်လှဲသည်ဟု လွှတ်တော်အမတ်က ထင်နေခြင်းသည် သစ်ဆိပ်များသည် လမ်းပမ်းဆက်သွယ်ရေး အခြေအနေအရ ကားလမ်း၊ မြစ်ဆိပ်များတွင် ရှိနေသဖြင့် သစ်ပုံကြီးများသည် မပြောင်းလဲသကဲ့သို့ တွေ့မြင်ရခြင်းဖြစ်ကြောင်း ၀န်ကြီးက မှတ်ချက်ပြုသည်။
ရှမ်းပြည်နယ်အတွင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဧပြီလ နောက်ပိုင်း တရားမဝင် သစ်ခိုးထုတ်မှု အားနှစ်စဉ် တန် ၄၀၀၀ ကျော် ဖမ်းဆီးရမိကြောင်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုရေးရာဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြီးခဲ့သည့် ဇွန်လအတွင်း၌ မဇ္ဈိမကို ပြောခဲ့ဖူးသည်။
ထိုမျှပမာဏသည်ပင်လျှင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်သည့် နယ်မြေအတွင်း၌ သစ်ခိုးမှုများကို ဖမ်းရန်ခက်သဖြင့် ထိုမျှသာ ဖြစ်နေခြင်းဖြစ်ကြောင်း ဦးစိုက်အိုက်ပေါင်းက ပြောကြားခဲ့သေးသည်။
မြန်မာနိုင်ငံ၏ သစ်တောဧရိယာသည် ၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၃၆ နှစ်အတွင်း လေးပုံတစ်ပုံခန့် ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၏ ၂၀၁၃ ခုနှစ် မေလက ထုတ်ပြန်သော မဲခေါင်ဒေသတွင်း ဂေဟစနစ်ဆိုင်ရာ စစ်တမ်းတွင် ပါရှိသည်။