၁၂ နှစ်အရွယ် မိဘမဲ့ကလေးကို အဓမ္မကျင့်သည်ဟု ဦးပဥ္ဇင်းတစ်ပါး အမှုဖွင့်ခံရ

၁၂ နှစ်အရွယ် မိဘမဲ့ကလေးကို အဓမ္မကျင့်သည်ဟု ဦးပဥ္ဇင်းတစ်ပါး အမှုဖွင့်ခံရ
by -
မဇ္ဈိမ

တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည့် အ သက် ၁၂ နှစ် သမီး မိဘမဲ့ကလေးငယ်တစ်ဦးကို ထိုကျောင်းရှိ ဦးပဥ္ဇင်းတစ်ပါးက အဓမ္မကျင့်သည်ဟု စွပ်စွဲကာတိုင်ကြားမှု တစ်ခုကို ဇူလိုင် ၂၆ ရက်က အဆိုပါမြို့၏ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်သည်။

စွပ်စွဲခံရသည့် ဦးပဥ္ဇင်းသည် ၀ါသုံးဝါရှိပြီး အသက်အားဖြင့် ၂၅  နှစ်ရှိကြောင်း ရဲစခန်းက ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးငယ်သည် လမ်းလျှောက်ပုံမမှန်ဘဲ အမူအရာပျက်နေသည်ကို အဆိုပါဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ပြပေးနေသည့် ဆရာမတစ်ဦးက ဇူလိုင် ၂၅ ရက်တွင် သတိထားမိသဖြင့် ခေါ်ယူမေးမြန်းရာ ကလေးငယ်က ခါးနားနေကြောင်းပြောသဖြင့် ထိုဆရာမကအခြား ဆရာမတစ်ဦးကိုခေါ်ကာ ကလေး၏ ခန္ဓာကိုယ်အနှံ့ စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ထိုသို့ စစ်ဆေးရာမည်သည့် ပြင်ပဒဏ်ရာမှ မရှိသဖြင့် ကလေးငယ်ကို မေးမြန်းရာ ဇူလိုင် ၂၃ ရက် ည ၈ နာရီအချိန်တွင် ကျောင်းသူများအိပ်သည့် အဆောင်ခန်းကြီးအတွင်း သူတီဗီကြည့်နေစဉ် ဦးပဥ္ဇင်းတစ်ပါးက လာရောက်ခေါ်ဆောင်ပြီး မီးဖိုခန်းထဲတွင် အဓမ္မတစ်ကြိမ်ကျင့်ခဲ့ကြောင်း ကလေးငယ်က ဆရာမများ ကိုပြောပြခဲ့ကြောင်း ရဲစခန်း၌ တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ရဲဌာနတွင် ဇူလိုင် ၂၆ ရက်က လာရောက်အမှုဖွင့်ခဲ့သဖြင့် ရဲများကလည်း အမှုအမှတ် (ပ) ၉၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အဓမ္မကျင့်မှုနှင့် ပုဒ်မ ၃၆၃ လူခိုးမှုတို့ဖြင့် တရားစွဲဆိုနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ရဲဌာနက ထုတ်ပြန်သည်။

ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့၏ တွဲဖက် အကျိုးတော် ဆောင်ဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်၊ ပြည်နယ်သာသနာရေးဦးစီးဌာန ဒုဦးစီးမှူးတို့က အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည့် ဦးပဥ္ဇင်းကို ၀ိနည်းနှင့် အညီစစ်ဆေးကာ လူဝတ်လဲပေးပြီး တောင်ကြီးမြို့နယ် နယ်မြေရဲစခန်းတွင် သူ့ကိုဆက်လက်စစ်ဆေးနေပြီဖြစ်ကြောင်း ရဲဌာန၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။

အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရသည်မှာ ရဟန်းဘွဲ့တော်အားဖြင့် ဦးတိက္ခဖြစ်ပြီး လူအမည်အားဖြင့် ကိုထွန်းထွန်းဦးဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။