ရခိုင်တွင် မိုးသည်းထန်မှုကြောင့် အိုးအိမ်ပျက်စီး၍ ထိခိုက် ဒဏ်ရာရမှုများလည်း ရှိနေ

ရခိုင်တွင် မိုးသည်းထန်မှုကြောင့် အိုးအိမ်ပျက်စီး၍ ထိခိုက် ဒဏ်ရာရမှုများလည်း ရှိနေ
by -
မဇ္ဈိမ

ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ဆက်တိုက်ဆိုသလို ရွာသွန်းနေခဲ့သော ရခိုင်ဒေသ မိုးသည်းထန်မှုကြောင့် မြေပြို၍ အိုးအိမ်များ ပျက်စီးခြင်းနှင့်အတူ ထိခိုက် ဒဏ်ရာရမှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

မြေပုံမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အိမ်များ ပျက်စီးခဲ့သည်ဟု တောင်ရင်းကြီး ရွာသား ဦးမောင်မြင့် က မဇ္စျိမကို ပြောသည်။

“မိုးက လေးရက် ဆက်တိုက် သည်းကြီးမည်းကြီး ရွာတော့ တောင်ပြိုပြီး အိမ်နှစ်ဆောင် မြေအောက် ရောက်သွားတယ်။ နောက်ထပ် အိမ် ၁၀ လုံးလည်း အန္တရာယ်ရှိနေတာမို့ ရွှေ့ပြောင်းထားရတယ်။ ပျက်စီးသွားတဲ့ အိမ်မှာဒေါ်ညွတ်ချေ ဆိုတဲ့ အမျိုးသမီး တယောက် ပါသွားပြီး ခေါင်းမှာ ဒဏ်ရာရသွားလို့ ကျန်းမာရေးမှူးက ဆေးကုသပေးနေရတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းတွင်လည်း မြစ်ကမ်းနံဘေး အိမ်နှစ်ဆောင်မှာ ကမ်းပြို၍ မြစ်ထဲ ပါသွားခဲ့သလို နောက်ထပ်အိမ် ၃ လုံးလည်း အန္တရာယ်ရှိသဖြင့် ရွှေ့ပြောင်းထားရကြောင်း ဒေသခံ ကိုစောထွန်းမောင် က ဆိုသည်။

ထို့အတူ မင်းပြား၊ မင်းဘူးချောင်းတလျှောက်ရှိ ဒုံးပါး၊ ရှမ်းဆိပ်၊ တောတန်း၊ ပြင်ချောင်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း အစရှိသည့် ကျေးရွာပေါင်း ၂၀ ကျော်မှလည်း ရေလွှမ်းမိုးမှုခံနေရပြီး လယ်မြေ အများစု ရေနစ်မြုပ်နေကြောင်း ၎င်းက ရှင်းပြသည်။

မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကမူ “မနေ့က လယ်မြေဧက အများအပြား ရေနစ်နေခဲ့ပေမယ့် ဒီကနေ့မှာရေ ပြန်ကျသွားပါပြီ။ ထိခိုက်မှု အတိုင်းအတာ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ရေခမ်းသွားတဲ့အခါ စိစစ်ပြီး စာရင်းပြုစုတော့မှ သိရမှာပါ။ ပျက်စီးမှုတော့ မရှိပါဘူး” ဟု ပြောသည်။

အလားတူ မြောက်ဦးမြို့ပေါ်တွင်လည်း ကြက်စျေး၊ ဆင်ချဆိပ်၊ အုန်းတပင်စု၊ သသျှႌစု၊ ဝါစျေး စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များမှာ ရေလွှမ်းနေသဖြင့် ရပ်ကွက်နေ ပြည်သူများမှာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့နေကြရသည်ဟု မြောက်ဦးမြို့ခံ ကိုသီဟ က မဇ္စျိမကို ပြောသည်။

“ဇူလိုင် ၂၅ က စလို့ မိုးဆက်တိုက် ရွာနေခဲ့တာကြောင့် မြောက်ဦးမြို့ပေါ် ရပ်ကွက်တွေက လူ ၃၀၀ လောက်ဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သိမ်တွေမှာ ပြောင်းရွှေ့ နေကြရတယ်။ သူတို့တွေရဲ့ စားသောက်ရေးကိစ္စကို သံဃာတော် တွေနဲ့ လူမှုအသင်းအဖွဲ့တွေက ပံ့ပိုးပေးနေပါတယ်” ဟု ဆိုသည်။

မြောက်ဦးနှင့် ကျောက်တော် အကြားရှိ အုတ်ဖိုကန်၊ မောင်နီကန်၊ လက္ကာ၊ သပြေကန် အပါအဝင် ကျေးရွာ အများစုမှာ ဇူလိုင် ၂၇ ရက်နေ့မှစ၍ ရေမြုပ်နေခဲ့ပြီး အဆိုပါဒေသကို ပြေးဆွဲနေသည့် လိုင်းကားများမှာလည်း ရပ်နားထားရသည်။

ကျောက်ဖြူ-ရန်ကုန် ကားလမ်းပေါ်ရှိ တောင်ကုတ်မြို့နယ်လမ်းပိုင်း ကင်းတောင်ရွာအနီးတွင် ဇူလိုင် ၂၈ ရက်နေ့ ညနေမှစ၍ ရေလွှမ်းနေခဲ့ရာ ခရီးသည်တင် ကားများ သွားလာမရ ဖြစ်နေသည်ဟု ခရီးသွားရင်း အဆိုပါရွာ၌သောင်တင်နေသူ ဆားပြင်ရွာသား ကိုသန်းနိုင် က ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းတွင် မဇ္စျိမကို ဖုန်းဆက်ပြောသည်။

“တောင်ကုတ်လည်း ပြန်မရ။ ကျောက်ဖြူဘက်လည်း သွားမရ ဖြစ်နေတယ်။ ကားလမ်း တခုလုံး ရေတွေဖုံးနေတာ ကူးမယ်ဆိုလည်း အရပ်မြုပ်တယ်။ ခရီးသည်တွေ အကြီးအကျယ် ဒုက္ခရောက်နေကြရတယ်ဗျ” ဟု ဆိုသည်။

တောင်ကုတ် မြို့ပေါ်တွင်လည်း ရေလွှမ်းမှုကြောင့် စျေးဆိုငါများ ပိတ်ထားရပြီး အိမ်ခြေ ၂၀၀ ခန့်ရှိ လိပ်ကုန်ဘောင် ရွာမှာလည်း တရွာလုံး ရေနစ်နေကာ အနီးရှိ လမူးမော်ရွာမှ စားသောက်ရေး ကူညီပေး နေရဆဲဖြစ်ကြောင်း NLD တောင်ကုတ်မြို့နယ် ကော်မတီဝင် ဦးအမ္ဘုန်ကျော် က ပြောပြသည်။

ဇူလိုင်လ ၂၈ ရက်နေ့က ရွာသွန်းခဲ့သော မှတ်သားဖွယ်ရာ မိုးရေချိန်များအနက် မောင်တောမြို့တွင် ၉.၈၈ လက္မ၊ စစ်တွေမြို့တွင် ၈.၅၈ လက္မ၊ ကျောက်တော်မြို့တွင် ၈.၅၄ လက္မ၊ မြောက်ဦးမြို့တွင် ရ.၃၆ လက္မနှင့် အမ်းမြို့တွင် ၆.၁၄ ရှိခဲ့ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုအပတ်အတွင်း ရွာသွန်းခဲ့သော ရခိုင်မိုးကြောင့် တောင်ကုတ်၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦး မြို့နယ်များရှိ ဒေသခံ ပြည်သူအများစုမှာ ရေဘေးဒဏ်ကို ခံခဲ့ရပြီး ဇူလိုင် ၂၉ ရက်နေ့တွင် မိုးရွာမှု လျော့ကျသွားခဲ့သော်လည်း မိုးဒဏ်ကြောင့် ဆည်ဘောင်များ ကျိုးပေါက်ကာ လယ်ယာမြေ အမြောက်အများ ပျက်စီးခဲ့ရသည်။

Most read this week