ရခိုင်တွင် မိုးသည်း ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

ရခိုင်တွင် မိုးသည်း ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် မိုးဆက်တိုက် ရွာသွန်းနေသဖြင့် လမ်းများပျက်စီးပြီး၊ ရေကြီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ယခုအခါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ သွားလာရန် အခက်အခဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

Flooding-Arakan-road

ခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ၄ ရက်ခန့် မိုးဆက်တိုက် ရွာသွန်းနေသည့်အတွက် လမ်းတချို့ပျက်စီးနေကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

“ မိုးရွာနေတာ ၄ ရက်ရှိပါပြီ။ အခုဆိုရင် ဘူးသီးတောင်နဲ့ မောင်တော ကားလမ်းက တော်တော်များများ ပျက်စီးနေပါပြီ။ ကညင်ချောင်းလမ်းဆိုရင် လုံးဝ သွားလာလို့မရအောင်ပျက်နေပါတယ်။”

ဘူးသီးတောင်နှင့် မောင်တော အကြား ဆက်သွယ်ထားသော ကားလမ်းမှာ တစ်လမ်းတည်းသာရှိပြီး တခြားသွားစရာ လမ်းမရှိသည့်အတွက် ရွံ့ဗွက်တောများကို ကားများဖြင့် ခက်ခက်ခဲခဲ ဖြတ်သန်းကာ ပင်ပင်ပန်းပန်း သွားလာနေကြရကြောင်း အဆိုပါ မောင်တောမြို့ခံက ပြောသည်။

အလားတူ တောင်ကုတ် ကျောက်ဖြူလမ်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျ ချောင်းရေများကြောင့် သွားလာ၍ မရနိုင်အောင်ဖြစ်ကြောင်း တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

“ ဒီမှာက မိုးတအားရွာနေတယ်။ တောင်ကုတ် ကျောက်ဖြူလမ်း သွားမရဖြစ်နေတယ်။ ကျောက်ဖြူနဲ့ အမ်းမှာလည်း တောင်ကျ ရေတွေကြောင်း ချောင်းရေလျှံတာတွေ တော်တော်ဖြစ်နေတယ်” ဟု ဆိုသည်။

မိုးဆက်တိုက် ရွာသွန်းနေမူကြောင့် မြောက်ဦးမြို့ထဲ နေရာတချို့တွင်လည်း ရေကြီးနေကြောင်း မြောက်ဦးမြို့ခံ ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။

“ မြောက်ဦးမှာ တော့ ဆင်ချဆိပ်၊ လက်ကောက်စျေး၊ အလယ်စျေး အဲဒီနေရာတွေမှာ ရေကြီး နေတယ်။ မိုးကလည်းရွာနေ တယ်။ ရေကြီးပြီး  အညာရေပေါက်တယ်။ ပင်လယ်ကလည်း ဒီရေတက်လာတော့ ရေတွေ မကျနိုင်တဲ့ အတွက် ရေကြီးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြောက်ဦးမြို့နယ် လေးမြို့ချောင်းတွင်လည်း ရေကြီးသည့်အတွက် ကျေးရွာတချို့ ရေနစ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

စစ်တွေမြို့တွင်လည်း မိုးရွားသွန်းပြီး ဒီရေတက်သည့်အတွက် လမ်းမကြီး၊ မြို့သူကြီးရပ်ကွက်၊ ဆင်ကူးလမ်းစ သည့် နေရာတချို့တွင် ရေကြီးနေကြောင်း စစ်တွေမြို့ခံ တစ်ဦးကပြောသည်

Most read this week