လားရှိုးစည်ပင်မှ အခွန်သုံးဆမှ ငါးဆထိ တိုးကောက်မည့်အပေါ် ကန့်ကွက်မှုများရှိနေ

လားရှိုးစည်ပင်မှ အခွန်သုံးဆမှ ငါးဆထိ တိုးကောက်မည့်အပေါ် ကန့်ကွက်မှုများရှိနေ
by -
မဇ္ဈိမ

လားရှိုးမြို့တွင် စည်ပင်သာယာမှ ကောက်ခံနေသော အခွန်များ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် သုံးဆမှ ငါးဆအထိ တိုးမြှင့် ကောက်ခံမည်ဆိုသောကြောင့် လားရှိုးမြို့ ရှေ့နေများအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက လားရှိုး စည်ပင်သာယာရေးဌာနသို့ ဇူလိုင်လ၂၆ ရက်က ကန့်ကွက်စာတင်လိုက်ကြောင်း ရှေ့နေများ အဖွဲ့၏ အဖွဲ့ဝင်ရှေ့နေ ဦးသောင်းထိုက်က မဇ္ဈိမကို ပြောသည်။

“အခုလို အခွန်တိုးကောက်တဲ့ အကြောင်းရင်းက သားသတ်လိုင်စင် လေလံကို ဒီနှစ်မှာ ကောက်ခွင့်မရှိတော့တဲ့အတွက် ဌာနရဲ့ဝင်ငွေလျော့နည်းလို့ အခုလို တိုးကောက်ရခြင်းဖြစ်တယ်လို့ ကြေငြာထားတယ်” ဟု ရှေ့နေဦးသောင်းထိုက်က ပြောသည်။

စည်ပင်မှ ယခုကဲ့သို့ အခွန်တိုးကောက်ခြင်းသည် ပြည်သူလူထုကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေသောကြောင့် လားရှိုးမြို့ရှေ့နေများအဖွဲ့က ဇူလိုင်လ၂၅ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေး တက်ရောက်သော ရှေ့နေ ၄၀ ၏ ကန့်ကွက်လက်မှတ်ဖြင့် ၂၆ ရက်တွင် ကန့်ကွက်စာတစ်စောင်ကို တင်ခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေဦးသောင်းထိုက်က ရှင်းပြသည်။

ထို့အပြင် လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ ခုမှ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ ရပ်ကွက်နေသူများကို အိမ်တိုင်ရာရောက် ကန့်ကွက်လက်မှတ်များ ကောက်ခံကာ ထိုနေ့တွင်ပင် လားရှိုး စည်ပင်သာယာရုံးသို့ ကန့်ကွက်စာ တင်ခဲ့သေးကြောင်း လားရှိုးမြို့ အမှတ်(၉) ရပ်ကွက်မှ ကိုခွန်ဇော်ဦးက ပြောသည်။

“ဒီကိစ္စအပေါ်မှာ ကန့်ကွက်သူများနေရင်တော့ အထက်ကို တင်ပြသွားမယ်လို့ မြို့နယ်စည်ပင်မှ ဦးသက်ပိုင်က ပြောတယ်”ဟု ကိုခွန်ဇော်ဦးက ပြောသည်။

လားရှိုးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်းက “အခက်အခဲ ဖြစ်တာပေါ့။ အခုအချိန်က
နိုင်ငံတော်က ပြုပြုပြောင်းလဲဆဲ ကာလလေ။ လောလောဆယ်မှာ ဒီလိုမျိုး အခွန်တွေတိုးမြှင့်ကောက်ခံတာ မဖြစ်သင့်သေးဘူးလို့ ထင်ပါတယ်။ အခုသိရသလောက်က စည်ပင်က သူ့သဘောတစ်ခုတည်းနဲ့ လုပ်သွားတယ်။ ရပ်မိရပ်ဖတွေ၊ တခြားအဖွဲ့တွေရဲ့ သဘောထားမပါဘူး”ဟု ပြောသည်။

၂၀၁၄ - ၂၀၁၅ဘဏ္ဍာနှစ် ( လာမည့် ဘဏ္ဍာနှစ် ) တွင် သုံးဆမှ ငါးဆအထိ တိုးမြှင့် ကောက်ခံမည်မှာ အဆောက်အဦးခွန်၊ သားသတ်ခွန်၊ အသားရောင်း လိုင်စင်ခွန်၊ အမှိုက်ခွန်၊ အိမ်သာခွန်၊ ရေခွန်၊ မီးခွန်တို့ကို ပြောင်းလဲကောက်ခံရန် ဇူလိုင်လ ၂၄ ရက်တွင် ရပ်ကွက်ရုံးများသို့ အကြောင်းကြားထားခြင်း ဖြစ်သည်။