DKBA ၏ ဖွံ့ဖြိုးမှု နောက်ဆုံး အခြေအနေ

DKBA ၏ ဖွံ့ဖြိုးမှု နောက်ဆုံး အခြေအနေ
by -
ရွှေဟင်္သာ

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ် ရပ်စဲခဲ့ ပါသည်။ အပစ်အခတ် ရပ်စဲရေးအတွက် သဘော တူညီချက် (၆)ချက်ဖြင့် ကရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆို ခဲ့ခြင်းဖြစ်ပါသည်။

phophtaw2771

သဘောတူညီချက်များမှာ-

၁။၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေးမှု တည်ဆောက်ရေး အဖွဲ့နှင့် ကလိုထူးဘော တပ်ဖွဲ့ (ယခင် DKBA) မှ ငြိမ်းချမ်းရေး တည်ဆောက်ရေး  အဖွဲ့တို့ လက်မှတ် ရေးထိုး ခဲ့ကြသော ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏမ သဘော တူညီချက်ကို  အတည်ပြုရန် သဘော တူသည်။

၂။ ကရင် ပြည်နယ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ က ရင်ပြည်နယ်ကို ပြည်ထောင်စု အတွင်းမှာ မည်သည့်ဟာမှ ခွဲမထွက်ရန် သဘောတူသည်။

၃။ ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ် ထိန်းသိမ်း ရှောက်စောင့်သွားရန် သဘောတူသည်။

၄။ ဆုံဆည်းမြိုင် ဒေသတွင် ယာယီ အခြပြုှ၍ စုကလိဒေသတွင် နယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး ကလို့ထူးဘော တပ်ဖွဲ့ဝင် များနှင့် မိသားစုများ အခြေတကျ နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေး လူမှုဘဝ မြင့်တင်ရေး လုပ်ငန်းစဉ်များကို ဥပဒေ နှင့် အညီ အစိုးရနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန် သဘောတူသည်။

၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တိုက်ဖျက်ရေးအား ပြည်ထောင်စု အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူသည်။

၆။ ဆက်လက်ပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူသည်။

ဤကဲ့သို့ DKBA နှင့် အစိုးရတို့ သဘောတူပြီး နောက်ပိုင်း ပြသနာဖြေရှင်းမှု ရှိသည်က လွှဲပြီး တကြိမ်တခါမျှ ထပ်မံဆွေး နွေးခြင်း မရှိတော့ပေ။ သို့သော်လည်း DKBA သည် သဘော တူထားသည့် အတိုင်း အစိုးရဖက်မှ အကောင်အထည် ဖေါ်ခြင်း မရှိသော်လည်း ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အားနည်းနေသော ကရင်ဒေသ ဖွံ့ဖြိုးရေးကို အစိတ်အပိုင်းအရ အကောင်အထည် ဖေါ်နေခဲ့ပါသည်။

အစိုးရသည် အပစ်ရပ်ရေး သဘောတူချက်သာ ရယူလိုခြင်း ဖြစ်ပြီး ဒေသ ဖွ့ံဖြိုးရေးသည် အများကြားကောင်းအောင် ပြောကြားနေ ခြင်းမျှသာ ဖြစ်သည်ဟု DKBA ဖက်က ရှုမြင် လာပါသည်။ အပစ်ရပ်ပြီး နောက်ပိုင်းတွင် DKBA နှင့်နိုင်ငံ ရေးဆွေးနွေးပွဲဟူ၍ မရှိပေ။ ဤသို့ကြောင့် ဒေသဖွ့ံဖြိုးရေး လုပ်ငန်း အကောင်အထည်ဖေါ်ရန် ဆိုသည့် အမှုမှာလည်း အိပ်မက်မျှပင် ဖြစ်နေခဲ့ပါသည်။ ဤသို့ကြောင့် အပစ်အခတ် ရပ်ပြီးနောက်ပိုင်း ကရင်ဒေသ ဖွ့ံဖြိုးရေး အတွက် တတ်အားသမျှ စွမ်းဆောင်နေသော DKBA ၏ လုပ်ရပ်များကို တင်ပြနိုင်ရန် အတွက် ဖွံ့ဖြိုးရေး တာဝန်ခံ ဗိုလ်မှူး ထွန်းထွန်းကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

DKBA သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင် တိုက်နယ် နှင့် လှိုင်းဘွဲမြို့ နယ် မြိုင်ကြီးငူဒေသကို အခြေခံ ထားပါသည်။ ဤဒေသ၌ရှိသော DKBA ၏ ဖွ့ံဖြိုးရေး အစီအစဉ်များမှာ-

“ ကရင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု တအား နိမ့်ပါတယ်။ သူပုန်ကြောင့်လို့ ယခင်က စွပ်စွဲ ခံခဲ့ရပါတယ်။ ဒါပေမဲ့ စနစ်ကြောင့် သူပုန်ထရတာပါ။ ကျနော်တို့နိုင်ငံမှာ မှန်ကန်တဲ့ စနစ်၊ ပြည်သူနဲ့ သဟဇာတရှိတဲ့ စနစ်ကောင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် လက်ညှိးထိုး မနေပါနဲ့တော့ လက်တွဲပြီး ဆောင်ရွက်ရမဲ့ ကာလကို ရောက်နေပါပြီး။ လို့ ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။

မေး။      ။ ဒါဆိုရင် အပစ်အခတ် ရပ်ပြီးနောက်ပိုင်းမှာ DKBA အနေနဲ့ ဒေသ ဖွ့ံဖြိုးရေး အတွက် ဘာတွေ လုပ်နေပြီးလဲ။

“ လောလောဆယ်တော့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍ တချို့ကို နိုင်တဲ့ အားနဲ့ လုပ်နေရပါတယ်။ NGO အကူအညီ လည်း လိုချင်သလို အစိုးရ အကူအညီလည်း လိုချင်ပါတယ်။ အခု အကောင်အထည် ဖေါ်နေတာက ကျေးလက်ဒေသက အစိုးရ လက်လှမ်း မမှီတဲ့ ပညာရေး ကိစ္စကို ပြောချင်ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ ဆုံဆည်းမြိုင် ကျေးရွာမှာ ကျောင်းဖွင့်ခဲ့ပါတယ် ။ ကျောင်းသား အရေအတွက်က ၈၀ ကျော် ရှိပါတယ်။ သင်ကြားတဲ့ ဆရာ၊ ဆရာမက ၄ ယောက် ရှိပါတယ်။ အစိုးရ သင်ရိုးညွန်းတမ်း အတိုင်းပဲ သင်ပါတယ်။ အရင် ကျောင်းဟောင်းရှိတယ်၊ ကျောင်းဟောင်းက မကောင်းတော့တဲ့အတွက် အဲဒါကို ဖျက်လိုက်ပြီး ကျောင်းအသစ်ပြန် ဆောက်ပေးပါတယ်။ ကျောင်းသစ်ဆောက်လုပ်စဉ်က ကျောင်းသားတွေ ဆရာမအိမ်မှာ စာသင်ခဲ့ပါတယ်။ အခု ကျောင်းသစ် ဖွင့်ပွဲပြီးပြီးဆိုတော့ ကျောင်းသစ်မှာ စာသင်နေပါပြီး။ ကျောင်းက အစိုးရ အသိအမှတ်ပြုတဲ့ ကျောင်းပဲလို့ ပြောရမှာပေါ့။

မေး။      ။ ကောင်းပါပြီး ဒီကျောင်းအတွက် အစိုးရဖက်က ဘယ်လိုမျိုး ပါ၀င်မှု ရှိပါသလဲ။

“ ကျောင်းကတော့ ကိုယ်ထူကိုယ်ထပါပဲ။ အရင်ကကျောင်းသား အရေအတွက် နည်းတယ်။ ဆရာ ဆရာမ လည်း ၃ ယောက်လောက်ပဲ ရှိတယ်။ ကျောင်းအတွက် မြို့နယ်ခွဲက ပုံနှိပ်စာအုပ် ဗလာစာအုပ်တွေ ထောက်ပ့ံ ပေးတယ်။ ပြီးတော့ ကလို့ထူးဘော တပ်ဖွဲ့လည်း ပုံနှိပ်စာအုပ် ဗလာစာအုပ်တွေ ထောက်ပံ့ပေးတယ်။ ဆရာ၊ဆရာမ တွေကို လစာမဟုတ်ပဲနဲ့ ကျေးရွာကနေ စားနပ်ရိက္ခာ အသုံးစရိတ်ငွေကြေးလေးတွေ ထောက်ပ့ံပေးပါတယ်။ အဲဒါနဲ့ ဆက်သွားနေတာပေါ့။

တစ်ခြားရွာက ကလေးတွေ လာတက်တာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆုံဆည်းမြိုင်ကျေးရွာ တစ်ဝိုက်မှာ ရွာအလိုက် မူလတန်းကျောင်း အဆင့်လေးတော့ ရှိနေကြလို့ပါ။ ဒီပတ်ဝန်းကျင်မှာ ကျေးရွာပေါင်း (၂၀) ကျော် ရှိပါတယ်။ ကျေးရွာတိုင်းလည်း အခြေခံ ကျောင်းတွေ မရှိပါဘူး။ တချို့ရွာတွေကတော့ ကျောင်းတော့ ရှိတယ်။ ဒါပေမဲ့ ပြန်ပြင်ပြီးမှ ဘဲစာသင်လို့ရမဲ့ အခြေအနေပေါ့။

ဒါတွေကိုလည်း DKBA က အားလုံး မတတ်နိုင်ပါဘူး။ အစိုးရဖက်ကတော့ ဒေသဖွ့ံဖြိုးကို ညှိနှိုင်းဆောင်ရွက်သွားမယ် လို့ဘဲ ဂတိပေးခဲ့တာလေ။ လက်တွေ့မှာ ဘာမှ အကောင်အထည် မဖေါ်ရသေးပါဘူး။ ကျနော်တို့ ကတော့ တကယ့်ငြိမ်း ချမ်းရေးကို လိုချင်တယ်။ ပြီးတော့ တကယ့် ဒေသဖွ့ံဖြိုးရေးတွေ လုပ်ချင်ပါတယ်။

မေး။      ။ DKBA က ဒီဆုံဆည်းမြိုင်လောက်ဘဲ လုပ်နိုင်တာလား။ ဘယ်လိုအခက်အခဲ မျိုးရင်ဆိုင်နေရတာလဲ။

“ ရှင်းပါတယ်။ ပိုက်ဆံပေါ့။ ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ NGO တွေကလည်း ဒီလိုနေရာမျိုးမှာ လာပြီး အကူအညီ မပေးကြဘူးလေ။ သူတို့ကိုလည်း ကိုယ်ချင်းစာပါတယ်။ ဘယ်လို အခက်အခဲမျိုးရှိလို့ ကျနော်တို့ဖက်ကို လာမကူတာလဲပေါ့။

ကချင်ဖက်က အနေအထားကို ကျနော်တို့ လေ့လာကြည့်ပါတယ်။ စစ်ဘေး ဒုက္ခရောက်တဲ့ သူတွေဆီကို NGO တွေက အကူအညီပေးချင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက် မရဘူးလို့ ဆိုကြပါတယ်။ အဲဒီလိုကို ဖြစ်နေတာလေ။ တကယ်တော့ မဖြစ်သင့်တဲ့ ကာလရောက်နေပြီးလို့ဘဲ ပြောချင်ပါတယ်။ ဒါပေမဲ့ ဖြစ်နေတာကိုဘဲ ရင်ဆိုင်နေရတယ်လေ။ ကျနော်တို့ကတော့ မလျှော့ပါဘူး။ ရှိတဲ့ အခြေအနေနဲ့ဘဲ ရအောင် ဆက်လုပ်နေရတာပေါ့။

 ဒါကြောင့် တတ်အားသမျှ စာသင်ကျောင်းလေးတွေ၊ ဆေးခန်းလေးတွေကို ဆက်လက် အကောင်အထည် ဖေါ်သွားမှာပါ။ ပြီးတော့ ကျေးလက်တောနယ်တွေ ဆိုတော့လေ ကျန်းမာရေး ဆေးခန်းလည်း တအားလိုပါတယ်။ ဒီတော့ ရှိတာလေးနဲ့ဘဲ ဆေးခန်းလေးတွေ ဖြစ်အောင် ကြံဆောင် ခဲ့ပါတယ်။

လောလောဆယ်မှာ တောင်အုပ် ကျေးရွာ ဆေးပေးခန်း တစ်ခု၊ တနောထကျေးရွာ ဆေးပေးခန်း တစ်ခုကနေပြီးတော့ မကြာခင် ဘီလူးကြီးကျေးရွာ ဆေးပေးခန်းကို အပ်နှင်းဖို့ ရှိပါတယ်။ အခု ဆုံဆည်းမြိုင် ဆေးရုံက ဆောက်နေဆဲဖြစ်ပါတယ်။ တောင်အုပ်ကျေးရွာ၊ တနောထကျေးရွာ၊ ဘီလူးကြီးကျေးရွာ ဆေးပေးခန်းတွေကိုတော့ ကလို့ထူးဘော ကနေ ထောက်ပ့ံပေးပါတယ်။ ဝေါ်လေဆေးရုံဆိုရင် အပစ်အခတ် မရပ်စဲခင်ကတည်းက ဆောက်ခဲ့ပေမဲ့ မပြီးခဲ့ဘူး။ အခု အပစ်အခတ် ရပ်စဲပြီးတော့မှဘဲ အပြီး သတ်ရပါတယ်။

လူထုတွေရဲ့ ကျန်းမာရေး အခြေအနေက မိုးတွင်း ကာလဆိုတော့ ငှက်ဖျားရောဂါ တုတ်ကွေးရောဂါ တွေရှိတာပေါ့။ ငှက် ဖျားရောဂါကတော့ နဲနဲခေါင်းထောင်လာတာ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ ၁၀ ဦးကို စစ်ရင် ရ ဦးလောက်က ငှက်ဖျား ပိုးတွေတွေ့ရတယ်။ တစ်လဆိုရင် လူနာ အနည်းဆုံး ပျမ်းမျှ ၃၀ ကနေ ၆၀ အထိ ရှိတယ်။ တစ်ချို့နေ့တွေ ဆိုရင် လူနာ မရှိရင်တောင်မှ အနည်းဆုံး ၂၀ ကနေ ၃၀ ရှိသေးတယ်။

ဆေးခန်းအတွက် အစိုးရက ငွေပေးတယ်လို့ ကြားပါတယ်။ ကြာလှပါပြီး။ ဒါပေမဲ့ ကျနော်တို့လက်ထဲ အခုထိ ရောက်မ လာသေးပါဘူး။ လက်ရှိဆေးခန်းကတော့ တာဥထတနောထ ကျေးရွာမှာ ဘဲရှိသေးတယ်။ တနောထ ကျေးရွာမှာ ဆိုရင်တော့ သင်တန်းဆေးမှူးတွေ ခန့်ထားပေးတယ်။ တာဥထကျေးရွာမှာလည်း သင်တန်းဆေးမှူးတွေ ပေးတယ်ပြီး တော့ KNU ဆေးမှူး တစ်ချို့ပါသေးတယ်။ အဲသလို တွဲပြီး တာဝန်ယူရတယ်။ ကျန်းမာရေး  အခြေအနေက အတော် ကောင်းလာပါတယ်။ ရောဂါမကြီးရင် ကုလို့ရတယ်။ အခြေအနေဆိုးရင်တော့ တစ်ဖက်နိုင်ငံကို ပို့ရပါတယ်။

ဒီဒေသမှာတော့ အဲဒီလိုကို လိုအပ်နေတာပါ။ အစိုးရဆေးရုံလည်း မမှီဘူး။ ထိုင်းနိုင်ငံဖက်ကိုအားကိုးရပါ တယ်။ ဒီလို အခြေအနေမှာတောင်မှ ကိုယ့်ဖက်အစိုးရက အကူအညီ မပေးနိုင်ခဲ့သေးပါဘူး။

ကျနော်တို့ ဆေးခန်း ကုလို့ရတဲ့ ရောဂါက ငှက်ဖျားရောဂါတို့ အခြားရောဂါတို့ ကုလို့ ရပါတယ်။ ကုလို့မရတဲ့ ရောဂါက အကြီး စား ခွဲစိတ်မှုတွေက ကုလို့မရတာပါ။ ဒီဆုံဆည်းမြိုင် ဆေးရုံ ဆောက်ပြီးရင်တော့ အကြီးစား ခွဲစိတ်ခန်း လုပ်နိုင် မယ် လို့ မျှော် လင့်ထားပါတယ်။ မြဝတီခရိုင်နဲ့ ဆိုရင် ရွာပေါင်း ၂၀ကျော်လောက် ရှိတယ်။ အစိုးရဘက်က ဒီပညာရေး လူမှုရေးဒေသ ဖွ့ံဖြိုးရေးတွေ ကူညီမယ်လို့ သဘော တူညီထားတာ ရှိပါတယ်။ ဒါပေမယ့် အကောင်အထည်တော့ မဖော်ရသေးဘူး။

ဒါတွေအားလုံးကတော့ DKBA ရဲ့ ကြိုးစားမှုတွေပါဘဲ။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကတော့ ဆက်လက်မျှော် လင့်နေပါ တယ်။

DKBA ကမူ ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်ပြီး အကူအညီ ပေးမယ့်သူတွေကို ရှာပေးတယ်။ အဲသလိုပဲ ကျနော်တို့ရပ် တည်နေပါတယ်။ ဆေးခန်းက အခမဲ့ ဆေးကုသ ပေးနေပါတယ်။ ရွာသားတွေဲရဲ့ အသက်မွေး ဝမ်းကြောင်းက တောင်ယာ၊ လယ်လုပ်၊ သစ်ဝါးခုတ်စတဲ့ အလုပ်တွေပဲ လုပ်ပါတယ်။ ကျနော်တို့က ဒီမိခင်နဲ့ ကလေး ရှောက်စောင့်ရေးနဲ့ ပတ်သက်ပြီးတော့ ဝန်ထမ်းတွေကို ချပေးဖို့ ပြည်နယ် ဝန်ကြီး ဆီမှာ ကျနော် ရှောက်ထားတယ်။ ဒါပေမယ့် ခုထိ မချပေးသေးဘူး။

ကျနော်တို့က မရှိတဲ့နေရာမှာ ရှိအောင် လုပ်နေတော့လေ ကျနော်တို့ ကရင်လူမျိုးတွေက ကရင့်ကံကြမ္မာ ကရင်ဖန်တီးတဲ့ အဖွဲ့ဆိုတော့ ကျနော်တို့ ဆီမှာ လှူဒါန်းမဲ့သူ ရှိလို့ရှိရင် လာလှူနိုင်ပါတယ်။