ရှမ်းပြည်တောင်ပိုင်း ပင်လောင်းတွင် ကျပ်သိန်း ၈၇၀ တန်ဖိုးရှိ ဘိန်းချက်ပစ္စည်းများ ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းတွင် ကျပ်သိန်း ၈၇၀ တန်ဖိုးရှိ ဘိန်းချက်ပစ္စည်းများ ဖမ်းမိ
by -
မဇ္ဈိမ

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု သိန်းတောင်တိန်ကျေးရွာရှိ ဘိန်းချက်စခန်းတစ်ခု တွင် ဘိန်းချက်လုပ်သူဟု ယူဆရသူ ငါးဦးနှင့် ဘိန်းနှင့် ဆက်စပ်ပစ္စည်း ကာလတန်ဖိုး သိန်း ၈၇ ခန့် ဇူလိုင်လ ၂၂ ရက်တွင် ဖမ်းဆီးရမိသည်ဟု တောင်ကြီး မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်အောင်စိုးကြိုင် က ပြောသည်။

“ကွင်းဆက် သတင်းရရင်ရသလို ဖမ်းဆီးနေပါတယ်။ ရှမ်းတောင်မှာလည်း ယခု ဇူလိုင်လအတွင်းဖမ်းဆီးရ မိတဲ့ မူးယစ်အမှု စုစုပေါင်း ၁၀ မှုခန့် ရှိပါတယ်”ဟု ရဲအုပ်အောင်စိုးကြိုင်က ပြောသည်။

သိန်းတောင်တိန်ကျေးရွာရှိ ဘိန်းချက်စခန်းကို ၀င်ရောက်စီးနင်းရာတွင် ဘိန်းချက်လုပ်နေသူဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးမိခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ဖမ်းဆီးရမိသည့် ဘိန်းအမျိုးအစားများ အားလုံး ကာလတန်ဖိုး ကျပ်သိန်း ၈၇၀ ကျော်ရှိသည့် ဘိန်းညိုခဲ၊ ဘိန်းဆီခဲ၊ ဘိန်းရည်များနှင့် ဘိန်းချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဆာလဖျူရစ်အက်ဆစ်၊ အမိုနီယမ်ကလိုရိုဒ်၊ ဘိန်းစစ်ဖတ်တို့ကို သိမ်းဆည်းရမိခဲ့သည်ကို ရဲမှတ်တမ်းတွင် ဖေါ်ပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပင်လောင်း မြို့မရဲစခန်းက မယ(ပ)၁၉/၂၀၁၃ မူးယစ် ပုဒ်မ ၁၅/၁၆(ဂ)/၁၉ (ဂ)/၂၀(က) /၂၁ အရ တရားခံဟု ယူဆရ သူ ခြောက်ဦး ကို အမှုဖွင့်ထားသည်။ ဇူလိုင်လဒုတိယပတ် အတွင်းကလည်းတောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ကျပ်သိန်း ၁၄၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လူ ၁၈ ဦးကို ဖမ်းဆီးမိခဲ့သည်။